ရေးတွင် ရဲအုပ်တစ်ဦး ပစ်သတ်ခံရ

0
1086

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်တွင် စစ်ကောင်စီ ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး ပစ်သတ်ခံရကြောင်း မြို့ခံများထံမှ သိရသည်။

ယနေ့(စက်တင်ဘာ ၁၈) နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က ရေးမြို့နယ် ရဲသတင်းတပ်ဖွဲ့ တပ်ဖွဲ့စု (၁၁) မှ တာဝန်ခံရဲအုပ် မြင့်လွင်သည် အောင်သုခရပ်ကွက်အတွင်းမှ ကားဖြင့် တစ်ဦးတည်း မောင်းထွက်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

ရဲအုပ်မြင့်လွင်ကို ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်ဟု မြို့ခံrsများထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲအုပ်မြင့်လွင်သည် ယာဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု သိရသည်။

“သေနတ်သမား နှစ်ဦး ဆိုင်ကယ်နဲ့ လာပြီး ပစ်သွားတာ။ နားထင်ကနေ ကျည်ဖောက်ဝင် ပွင့်ထွက်သွားတဲ့ဒဏ်ရာနဲ့ သေသွားတယ်။ ဘယ်အဖွဲ့အစည်းက လုပ်တာလဲတော့ မသိဘူး” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

ရဲအုပ်မြင့်လွင် ပစ်ခတ်ခံရပြီးနောက် ရေးမြို့တွင် စစ်ကောင်စီတပ်နှင့် ရဲပူးပေါင်းအဖွဲ့တို့မှ စစ်ဆေးမှုတင်းကျပ်ထားသည်ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း လမိုင်းမြို့ ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ် ညီညီဝင်းကို ရေးပြောက်ကျားအဖွဲ့ (YGF) က ပစ်သတ်ရှင်းလင်းခဲ့သေးသည်။

အလားတူ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းကလည်း လမိုင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ကျော်မင်းကို ရေးဘီးလူးအဖွဲ့က ပစ်သတ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရေးမြို့နယ်တွင်းက စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲနှင့် အစိုးရဝန်ထမ်းများကို ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည်။