ကန်ချနဘူရီတွင် တရားမဝင် မြန်မာလုပ်သား ၁၂ ဦး ဖမ်းဆီးခံရ

0
1044

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အဝေးပြေးလမ်းမတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၂ ဦးကို စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြထားသည်။

နံနက် ၅ နာရီအချိန်ခန့်တွင် အဝေးပြေးရဲတပ်ဖွဲ့များက မြို့အတွင်းရှိ ဝမ်းဒေါင်းဒေသတွင် ကင်းလှည့်နေစဉ် ပုံမှန်အလေးချိန်ထက် ပိုတင်လာသော ပစ်ကပ်ကားတစ်စီးမောင်းလာသဖြင့် စစ်ဆေးရန် ရပ်ခိုင်းခဲ့သည်။

သို့သော်လည်း ပစ်ကပ်ကားသည် ဘရိတ်အုပ်ကာ ရုတ်တရက်အရှိန်လျှော့ခဲ့ပြီး လမ်းကို U turn ပြန်ကွေ့ကာ မောင်းပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။

နောက် ရဲတပ်ဖွဲ့ကလည်း နောက်မှလိုက်လံ စစ်ဆေးစဉ် ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၂ ဦးနှင့် ထိုင်းကားသမားတစ်ဦးကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားများတွင် တရားဝင် စာရွက်စာတမ်းများနှင့် နိုင်ငံကူးလက်မှတ်များကို မတွေ့ရှိရကြောင်း ဖော်ပြထားသည်။

ထိုင်းကားသမားကလည်း မြန်မာအလုပ်သမားများကို ထို့ဖားဖမ်းဒေသမှတစ်ဆင့် ကန်ချနဘူရီမြို့သို့ ပို့ဆောင်ပေးရန် ဘတ် ၂၄၀၀၀ ဖြင့် ငှားရမ်းခဲ့သဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ဝန်ခံချက်ကို ဖော်ပြထားသည်။

မြန်မာအလုပ်သမားများသည် ရခိုင်ပြည်နယ်မှလာကြပြီး ကန်ချနဘူရီခရိုင် စန်ခရာဘူရီလမ်းကြောင်းမှတစ်ဆင့် တောလမ်းအတိုင်း တရားမဝင် ဝင်ရောက်လာခဲ့ကြကြောင်း ဖြေကြားခဲ့သည်။

အားလုံးသည် စမွတ်စခွန်ခရိုင်နှင့် စမွတ်စွန်ခရမ်ခရိုင်များတွင် အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခဲ့ပြီး ခရီးစဉ်အတွက် ဘတ် ၂၀၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း ဖြေကြားချက်ကို ဖော်ပြထားသည်။

အားလုံးကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန်အတွက် လတ်ရရဲစခန်းသို့ ပို့ဆောင်ခဲ့ဟုဆိုသည်။

ပြီးခဲ့သော စက်တင်ဘာ ၁၃ ရက်နေ့ကလည်း အန်ထောင်းခရိုင်တွင် တာယာဘီး ၃ လုံးကွဲပြီး ရပ်တန့်နေသော ပစ်ကပ်ကားပေါ်မှ မြန်မာအလုပ်သမား ၁၃ ဦးလည်း ဖမ်းဆီးခံရသေးသည်။

ယခုစက်တင်ဘာလအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် မြန်မာအလုပ်သမားဖမ်းဆီးခံရမှုသည် ၁၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း အချက်အလက်များ စုစည်းမှုအရ သိရသည်။

Ref: CIB, Siamrath, Naewna