မြိတ်တွင် ကုန်တင်လှေတစ်စီးမီးလောင်

0
1370

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ကမ်းသာယာရွာ(ချောင်းတခင်း)ရှိ လှေဒေါက်လွန်းကျင်းတွင် ယနေ့ (စက်တင်ဘာ ၁၈) မနက် ရှစ်နာရီခွဲအချိန်ခန့်က ကုန်တင်လှေတစ်စီးမီးလောင်သဖြင့် ကျပ်သိန်းခုနှစ်ဆယ်ခန့် ဆုံးရှုံးခဲ့ရကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

“မီးလောင်တာက အဝေးကြည့်ရင်ကြောက်ဖို့ကောင်းတယ်၊ မီးခိုးလုံးကြီးတွေ တက်နေတာကိုး” ဟု လှေဒေါက်လွန်းကျင်းရှိ အလုပ်သမားတစ်ဦးက ပြောသည်။

အဆိုပါ လှေဒေါက်လွန်းကျင်းရှိ အလျား ၁၉၈ ပေ၊ အနံ ၃၀ ပေ၊ ရေစူး(အနက်) ၁၄ ပေရှိ MV ရွှေဝတီ(သံခွံ)ကုန်တင်လှေ၏ သံထည်အား ဖြတ်‌တောက်နေစဉ် မီးပွားတို့သည် အင်ဂျင်ခန်းရှိ ဆီချိုး(ဆီချေး)များသို့ ကူးစက်ပြီး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်‌ဦးစီးဌာနမှ သိရသည်။

ယင်းကဲ့သို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် အင်ဂျင်စက် သုံးလုံး၊ မီးစက် နှစ်လုံး၊ ဆီကန်တစ်ခု၊ စက်ခန်းတစ်ခုလုံးအပြင် စက်ခန်း၏ အပေါ်ပိုင်းတို့ မီးလောင်ပျက်စီးခဲ့သဖြင့် ကျပ်သိန်းခုနှစ်ဆယ်ခန့် ဆုံးရှုံးခဲ့ရကြောင်း မီးသတ်ဌာနမှ သိရသည်။

“လူကတော့ ထိခိုက်သေဆုံးမှုမရှိပါဘူး” ဟု မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မီးလောင်မှုအား မြိတ်ခရိုင်မီးသတ်ဌာနနှင့် အရန်မီးသတ်စခန်းတို့မှ မီးငြိမ်းသတ်ယာဥ်များနှင့် ရေသယ်ယာဉ် စုစုပေါင်း နှစ်ဆယ်ကျော်ဖြင့် မီးငြှမ်းသတ်ခဲ့ရာတွင် မနက်ဆယ်နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဌာနမှ သိရသည်။