တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1198

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ

ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု အများဆုံးစာရင်းဝင် မြန်မာ

ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု အများဆုံးနိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံပါဝင်နေတယ်လို့ ကမ္ဘာ့ပညာရေးကဏ္ဍ စောင့်ကြည့်ရေးအဖွဲ့ GCPEA က ထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ပညာရေးကဏ္ဍမှာ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ပေါင်း သုံးထောင်ကျော်မှာ ယူကရိန်း၊ မြန်မာ၊ ဘာကီနာဖာ သုံးနိုင်ငံက အများဆုံးဖြစ်တယ်လို့ စက်တင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်တာပါ။

၂၀၂၂ ခုနှစ်က ကမ္ဘာတစ်ဝန်းမှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပညာရေးဝန်ထမ်း ၆၇၀၀ ကျော် ဖမ်းဆီးသတ်ဖြတ် ခံရတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရတာတွေ မကြာခဏရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်းရွာ စာသင်ကျောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ သေဆုံးတာ အပါအဝင် ကျောင်းသား၊ ကျောင်းသူတွေ ထိခိုက်သေဆုံးတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ ရှိနေပါတယ်။

ယခုနှစ် စက်တင်ဘာလ ၇ရက်နေ့ကလည်း ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ထီးကော်ထာရွာမှာ ကျောင်းသား၊ ကျောင်းသူတွေ သေဆုံးဒဏ်ရာရတာတွေ ရှိနေပါတယ်။ စက်တင်ဘာလ ၁ဝရက်နေ့ကလည်း စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကပိုင်ရွာမှာ စာသင်ကျောင်းတိုက်ခိုက်ခံခဲ့ ရပါသေးတယ်။

……………………………………

ထိုင်းဘက်သို့ စစ်ကောင်စီတပ်သားတွေဝင်ရောက်မှု စုံစမ်းဖို့ ထိုင်းအမတ်တောင်းဆို

ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် ထိုင်နိုင်ငံဘက်ခြမ်းသို့ မြန်မာစစ်ကောင်စီတပ်သားတွေ ဝင်ရောက်နေထိုင်တဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့ အတိုက်အခံ ထိုင်းလွှတ်တော်အမတ်တစ်ဦးက တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီတပ်သား အယောက် တစ်ရာနီးပါးဟာ ဩဂုတ်လ ၃၁ရက်နေ့မှာ တာ့ခ်ခရိုင်ထဲက ကျေးရွာနှစ်ရွာမှာ ဝင်ရောက်နေထိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး ထိုင်းပြည်သူတွေကို ဖြေရှင်းချက်ပေးဖို့ Fair Party လွှတ်တော်အမတ် မစ္စတာ Kannavee Suebsang က ထိုင်းအစိုးရကို တောင်းဆိုသလို နိုင်ငံတကာဆက်ဆံရေးပြဿနာတစ်ရပ်အဖြစ်ရှုမြင်ဖို့လည်း ပြောဆိုလိုက်တာပါ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ဝ်ိုင်းဝန်းပိတ်ဆို့ထားလို့ စစ်ကောင်စီတပ်သားတွေဟာ ထိုင်းဘက်ခြမ်းသို့ ဝင်လာတာဖြစ်ပြီး ပြန်ထွက်နိုင်အောင် ထိုင်းစစ်တပ်က ညှိပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

……………………………………

မုံရွာထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာအငတ်ခံဆန္ဒပြ

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာအငတ်ခံ ဆန္ဒပြကြပါတယ်။

အထူးရှာဖွေရေးအဖွဲ့က အကျဉ်းထောင်ထဲသို့ ဝင်ရောက်စစ်ဆေးပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပစ္စည်းတွေကို သိမ်းယူသွားတာကြောင့် အကျဉ်းသားအခွင့်အရေးရဖို့ စက်တင်ဘာလ ၈ ရက်နေ့မှာ စတင်ဆန္ဒပြကြတာပါ။

သိမ်းဆည်းသွားတဲ့ ပစ္စည်းတွေကို ပြန်ပေးဖို့နဲ့ ထောင်ဝင်စာတင်းကျပ်မှုတွေကို ဖြေလျှော့ပေးဖို့အတွက် နိုင်ငံရေးအကျဉ်းသား ၁၄ဦး စတင် အစာအငတ်ခံဆန္ဒပြကြပါတယ်။ နောက်ပိုင်းမှာ မုံရွာသပိတ်ဦးဆောင်သူ ကိုဝေမိုးနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား အယောက် ၅ဝအထိ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ခြောက်ရက်အကြာ စက်တင်ဘာလ ၁၃ ရက်နေ့မှာတော့ ထောင်အာဏာပိုင်တွေဘက်က တောင်းဆိုချက်တွေကို လိုက်လျောပေးလိုက်လို့ ဆန္ဒပြမှု ရပ်ဆိုင်းလိုက်တယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

……………………………………

ဆီအတွက် တန်းစီရသူတွေ

ခွဲတမ်းနဲ့ ရောင်းပေးနေတဲ့ စားအုန်းဆီကို ပြည်သူတွေ တန်းစီစောင့်ဆိုင်းဝယ်ယူနေကြရပါတယ်။

စစ်ကောင်စီက ဆီကုန်သည်တွေကို ဖိအားပေး ဈေးလျှော့ခိုင်းပြီး ခွဲတမ်းနဲ့ ရောင်းချခိုင်းနေတာပါ။ ပြင်ပပေါက်ဈေး ထက် ထက်ဝက်လောက်သက်သာတဲ့ စားအုန်းဆီကို ရရှိဖို့ လူတန်းရှည်ကြီးတွေ တန်းစီစောင့်ဆိုင်း ဝယ်ယူကြရ တာပါ။ အချို့နေရာတွေမှာဆိုရင် ဆီဝယ်ခွင့် ကတ်ပြားတွေ ထုတ်ပေးတာလည်းရှိနေပါတယ်။

ဒါပေမဲ့ အကန့်အသတ်နဲ့ ရောင်းတာဖြစ်တာကြောင့် လိုသလောက် ဝယ်မရတဲ့အပြင် ဆီကုန်သွားရင် ဆီမရဘဲ လှည့်ပြန်လာရသူ တွေလည်း ရှိနေပါတယ်။ ဆီခွဲတမ်းကို တန်းစီတိုးဝှေ့စောင့်ဆိုင်း မဝယ်နိုင်သူတွေကတော့ ပြင်ပ ပေါက်ဈေးအတိုင်း မှောင်ခိုဈေးကွက်မှာ ဝယ်ယူနေကြပါရပါတယ်။

တခြားနိုင်ငံတွေမှာ ဇိမ်ခံပစ္စည်းအတွက် တန်းစီနေရချိန် မြန်မာနိုင်ငံမှာတော့ အခြေခံစားသောက်ကုန်တစ်ခုဖြစ်တဲ့ စားအုန်းဆီအတွက် တန်းစီးနေရတာကြောင့် အာဏာသိမ်းကာလမှာ မြန်မာပြည်သူတွေဘဝ ဘယ်လောက် အကျပ်အတည်းဆိုက်နေတယ်ဆိုတာကို နှိုင်းယှဉ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဆန်၊ ဆီ ကုန်ဈေးနှုန်းတွေအပြင် ရွှေ၊ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူ ဖိအားပေးတဲ့ နည်းလမ်းတွေနဲ့ ထိန်းချုပ်ဖို့ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့ ကျပ်ငွေတန်းဖိုးကျဆင်းမှုကို မထိန်းနိုင်တာ ဒေါ်လာလိုအပ်ချက်ကြီးမြင့်နေတာတွေကြောင့် ကုန်ဈေးနှုန်းက မြင့်တက်နေဆဲဖြစ်ပါတယ်။

……………………………………

စစ်တပ်ထုတ်ကုန်တွေကို ဆိုင်တွေမှာတင်ရောင်းဖို့ စစ်ကောင်စီဖိအားပေးလာ

ပြည်သူတွေ သပိတ်မှောက်တာကြောင့် အကြီးအကျယ်ထိခိုက်နေတဲ့အတွက် စစ်ကောင်စီတပ် ထုတ်ကုန် ပစ္စည်းတွေကို ဆိုင်တွေမှာ တင်ပြီးရောင်းချဖို့ စစ်ကောင်စီက ဖိအားပေးနေပါတယ်။

စစ်တပ်ထုတ် အရက်၊ ဘီယာ၊ ဆေးလိပ် စတဲ့ ထုတ်ကုန်တွေအပြင် Mytel ဆင်းမ်ကတ်ကိုပါ ဈေးဝယ်စင်တာတွေ၊ မီနီမတ်တွေ၊ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ တင်ပြီးရောင်းချဖို့၊ ကုန်ပစ္စည်းတွေကို ခွဲခြား မရောင်းချဖို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ စက်တင်ဘာလထဲမှာ ခေါ်ယူဖိအားပေးနေတာပါ။

ဒီထုတ်ကုန်တွေကို တင်ပြီး မရောင်းချရင် အရေးယူမယ်လို့ သတိပေးထားတယ်လို့လည်း ဆိုပါတယ်။ ဆိုင်တွေကိုလည်း ဝင်ရောက်စစ်ဆးတာတွေလည်း လုပ်ဆောင်နေပြီလို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်အတွက် အကျိုးအမြတ်များစွာရရှိနေတဲ့အတွက် စစ်တပ်ထုတ်ကုန်တွေကို မသုံးဘဲ သပိတ် မှောက်ကြဖို့ သပိတ်ကော်မတီတွေ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက တိုက်တွန်းနေသလို တော်လှန်ရေး အင်းအားစုတွေက ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်နေပါတယ်။

……………………………………

ဒေါ်အောင်ဆန်းစုကြည် ပြန်ပေးဆွဲခံထားရတာလို့ NLD ပြော

စစ်ကောင်စီ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကြားခံတစ်ဦးအဖြစ် ပြန်ပေးဆွဲထားတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ထုတ်ပြန်လိုက်ပါတယ်။

လျှို့ဝှက်ထားတဲ့နေရာတွေမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေကို မပေးဘဲ ချုပ်နှောင် ထားတယ်လို့ စက်တင်ဘာလ ၁၄ ရက် ထုတ်ပြန်ထားပါတယ်။

လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ၊ နေရာထိုင်ခင်းတွေကို သင့်တင့်မျှတအောင် ဆောင်ရွက်မထားတဲ့အတွက် အထူးစိုးရိမ်ပူပန်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး တစ်စုံတစ်ရာချို့ယွင်းတာအပြင် အသက်အန္တရာယ်ကိုပါ ထိခိုက်မှုဖြစ်ပေါ် လာရင် အာဏာသိမ်းစစ်ကောင်စီမှာ လုံးဝတာဝန် ရှိတယ်လို့ NLD က ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆေးကုသခွင့်တွေရရှိဖို့ ကုလသမဂ္ဂနဲ့ အာဆီယံခေါင်းဆောင်အချို့ကလည်း တိုက်တွန်းထားကြပါတယ်။

……………………………………

မူဆယ်နယ်စပ်ဂိတ်က လူပင်လယ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကနေ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်လုပ်ကိုင်ဖို့ မြန်မာနိုင်ငံသား ထောင်နဲ့ချီ စောင့်ဆိုင်းနေကြပါတယ်။

ကိုဗစ်ဘေးကာလမှာ တရုတ်နိုင်ငံက နယ်စပ်ဝင်ပေါက်တွေကို ပိတ်ထားရာကနေ အခုစက်တင်ဘာလ ၄ရက်နေ့မှာ မူဆယ်-ရွှေလီနယ်စပ်ဂိတ်ကနေ ပြန်လည် ဝင်ခွင့်ပြုလိုက်ပါတယ်။ 

၇ရက်အထိ နေထိုင်ခွင့်ရှိတဲ့ တစ်ခါသုံး ယာယီနယ်စပ်ဝင်ထွက်သွားလာခွင့်ကတ်နဲ့ တရုတ်နိုင်ငံထဲသို့ ဝင်ရောက်ခွင့် ပြုနေပြီး တစ်ရက်ကို လူခြောက်ရာဝန်းကျင်သာ ဝင်ခွင့်ပြုပေမယ့် လူထောင်နဲ့ချီ စောင့်ဆိုင်းနေကြတာပါ။

ဒီကတ်ဟာ လည်ပတ်ခွင့်အတွက်သာ ခွင့်ပြုတာဖြစ်ပေမယ့် မြန်မာတွေကတော့ အလုပ်ရှာဖို့ သွားကြတာပါ။

အာဏာသိမ်းကာလမှာ အလုပ်အကိုင်တွေ ရှားပါးပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာအပြင် အထွေထွေ အကျပ်အတည်းတွေကြုံတွေ့နေရပါတယ်။ ဒါကြောင့် နိုင်ငံခြားမှာ သွားရောက်လုပ်ကိုင်မှု တဟုန်ထိုးမြင့်တက်နေချိန် တရုတ်နယ်စပ်ဂိတ် ဖွင့်ပေးတာကြောင့် လူထောင်ချီစုပြုံစောင့်ဆိုင်းနေကြတာလည်း ဖြစ်ပါတယ်။

……………………………………