ကျောက္ကာရွာနေ မိသားစုဝင်သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

0
2123

ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာနေ မိသားစုဝင်သုံးဦးကို စစ်ကောင်စီရေတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှသိရသည်။

မနေ့ (စက်တင်ဘာ ၁၅) ညနေက ကျောက္ကာရွာ အနောက်ပိုင်းတွင်နေထိုင်သည့် အသက် ၅၀ ဝန်းကျင် ဇနီးမောင်နှံအပါအဝင် အသက် ၂၅ နှစ်အရွယ် တူဖြစ်သူတို့ကို အလုပ်လုပ်နေစဥ် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒေသခံများ ကပြောသည်။

“ငါးသားပေါက်လှေငယ်တွေနဲ့ ဝင်လာပြီး သူတို့နေတဲ့နေရာကို တည့်တည့်မတ်မတ်သွားပြီး ခေါ်ဆောင်သွားတာ။ ရွာသားတွေကို ပြဿနာရှာတာမျိုးလည်း မလုပ်ဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။

ဖမ်းဆီးခံရသူများမှာ ယခင်က လက္ကူးရွာတွင်နေထိုင်ပြီး လက်ရှိတွင် ကျောက္ကာရွာတွင် လာရောက်နေထိုင် လုပ်ကိုင်စားသောက် နေကြသည်ဟု ဒေသခံအချို့ကပြောဆိုသည်။

“လက္ကူးရွာကို စစ်တပ်ကဝင်စီးပြီး ရွာသားတွေကို ဘုန်းကြီးကျောင်းမှာ စစ်ဆေးတယ်။ အဲဒီမှာ ဘယ်သူဘယ်ဝါက ဘယ်ရွာမှာနေတယ်ဆိုတာမျိုး ပြောလိုက်မိပုံရတယ်လို့ ထင်တယ်။သိရသလောက်က ဒီလူတွေက ရိုးရိုးသားသား တံငါရေး(တစ်သက်လုံးငါးဖမ်းလုပ်ငန်း)လုပ်စားကြသူတွေပါ”ဟု ဒေသခံနောက်အမျိုးသား တစ်ဦးကပြောသည်။

အဆိုပါ မိသားစုဝင်သုံးဦးကို ငါးသားပေါက်လှေငယ်များနှင့် စစ်သင်္ဘောသို့ ခေါ်သွားကြောင်း သိရပြီး နောက်ဆက်တွဲ အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံများ ကပြောသည်။

အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် မနေ့က မှော်ကြောင်းရွာမှတစ်ဆင့် လက္ကူးကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ရွာသား ၁၀၀ ခန့်ကို ရွာလယ်ဘုန်းတော်ကြီးကျောင်းတွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပတ်သက်သည်ဟူသော စွပ်စွဲချက်ဖြင့် နေအိမ်အချို့ကိုလည်း မီးရှို့ခဲ့သည်ဟု ဒေသခံများ ထံမှသိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား နှစ်ဖက်ပစ်ခတ်မှုများ ရှိနေပြီး တိုက်ပွဲအခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။

 တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ရေတပ်သင်္ဘောသုံးစီးမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးသလို ပလမြို့၊တိုတောင်ပေါ်ရှိ တပ်မှလည်း လက်နက်ကြီးများနှင့် ပစ်ကူပေးခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများ ထံမှသိရသည်။