ရွှေနှင့်ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1711

ရွှေဈေးမှာ အကျဈေးတွင် အလှုပ်အခတ်များသည့် ကာလဖြစ်သည်။

ထိုင်းဘတ်ဈေးလည်း အတက်အကျများနေပြီး ဓာတ်ဆီဈေးမှာ တက်နေသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်ပါသည်။

ယခုအပတ် ပြည်တွင်းရွှေဈေးမှာ အကျဘက်တွင် အလှုပ်အရမ်းများနေခဲ့သည်။

အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ်တစ်သိန်းကျော်အထိ ဈေးအတက်အကျဖြစ်နေခဲ့သည်။

စက်တင်ဘာလ ၈ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင်ကျပ် ၃၅ သိန်းဖြင့် ဈေးဖွင့်ခဲ့သည်။

ယခုအပတ်သောကြာနေ့တွင်မူ တစ်ကျပ်သားလျှင် ငွေကျပ် ၃၅၇၀၀၀၀ ပေါက်ဈေးရှိနေသည်။

ကျရိပ်ပြနေသည့် ထိုင်းဘတ်ဈေးလည်း ရွှေနှင့်အတူ မတည်မငြိမ်ဖြစ်နေခဲ့သည်။

တနင်္လာနေ့က ထိုင်းငွေတစ်ဘတ်လျှင် ၉၆ ကျပ် စွန်းစွန်းဖြင့် လဲလှယ်နေရာမှ နောက်တစ်ရက်တွင် ၉၈ ကျပ်အထိ တက်သွားပြန်သည်။

ယခုအပတ် သောကြာနေ့တွင်မူ ၉၆ ကျပ် ပေါက်ဈေးရှိနေပြီး ထိုင်းငွေ ၁၀၃၅ ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ယခုအပတ်ဓာတ်ဆီဈေးမှာမူ ဆက်တိုက်တက်လာပြီး တစ်လီတာလျှင် ၂၄၀၀ ကျပ် ကျော်သွားသည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၃၅၀ ကျပ်မှ ၂၄၄၅ ကျပ်အကြား ဈေးဖြင့် ရောင်းချနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၃၀၀၀ ကျပ်မှ ၃၇၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ အကျဘက်တွင် ဈေးအပြောင်းအလဲ ရှိလာနိုင်သည်။။

စစ်ကောင်စီက ရွှေနှင့် ဒေါ်လာဈေးအပါအဝင် အထွေထွေကုန်ဈေးနှုန်းကျဆင်းစေရန်ဟုဆိုကာ ကုန်သည်များကို ဖမ်းဆီးစစ်ဆေးခြင်းများ သေနတ်ပြပြီး ခပ်ကြမ်းကြမ်းလုပ်ဆောင်နေသည်။

ထိုသို့ ဈေးကွက်ပေါက်ဈေးကို အတင်းဆွဲချနေသည့်အတွက် ရွှေဈေးအပါအဝင် ဒေါ်လာလဲနှုန်းမှာ အကျဘက်တွင် ဆက်ရှိနေမည့် သဘောဖြစ်သည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃၄၀၀ ကျပ် ဝန်းကျင် ဈေးဖွင့်ထားပြီး ကျရိပ်ပြနေသည်။

ယင်းအခြေအနေတွင် ကမ္ဘာ့ရွှေဈေးလည်း အကျဘက်တွင်ဆက်ရှိနေပြီး တစ်အောင်စလျှင် ၁၉၂၄ ဒေါ်လာ ဈေးဖွင့်ထားသည်။ ပြီးခဲ့သည့်အပတ်လည်း ယင်းနှုန်းထားအတိုင်းပဲ ပေါက်ဈေးရှိခဲ့သည်။

ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့်အတူ မတည်မငြိမ်ဆက်ရှိနေမည့် သဘောရှိသည်။

ဘတ်ဈေးမှာ ပြည်တွင်းဒေါ်လာပေါက်ဈေး၊ ရွှေဈေးနှင့် ကုန်သွယ်ရေး စသည့်အချက်များအပေါ် မှီတည်နေသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ အတက်ဘက်တွင် ဆက်ရှိနေသည်။

ထိုကြောင့်လာမည့်အပတ်တွင် 92 ဓာတ်ဆီတစ်လီတာလျှင် နှစ်ထောင်လေးရာကျပ်ဝန်းကျော်ဖြင့်ပင် ဈေးဖွင့်နေမည်ဖြစ်သည်။