❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၈) ❞

0
1872
ဓာတ်ပုံ - YE AUNG THU/AFP VIA GETTY IMAGES

ကိုယ်တို့ အလယ်တန်းအောင်တော့ ကိုယ်တို့ရွာနဲ့ (၁၀)မိုင်နီးပါး ကွာဝေးတဲ့ရွာမှာ အထက်တန်း ကျောင်းကို သွားတက်ခဲ့ရပါတယ်။ ကိုယ်တက်ခဲ့ရတဲ့ကျောင်းက ရွာနှစ်ရွာရဲ့အစပ် မြို့ကိုသွားတဲ့ ကား လမ်းမနံဘေးမှာ ရှိပါတယ်။ ပင်မကျောင်းဆောင်ကြီးက သွပ်မိုး ကွန်ကရစ် (C) ပုံသဏ္ဍန် တစ်ထပ် ကျောင်းဆောင်ပါ။ ကပ်လျက်မှာတော့ အစည်းအဝေးခန်းမကြီးပါတဲ့ သစ်သားနှစ်ထပ် ကျောင်းဆောင် ကြီးနဲ့ အခြားစာသင်ဆောင်တွေလည်း သီးခြားစီ ရှိကြပါသေးတယ်။

ကျောင်းရဲ့မျက်နှာစာမှာ အလံတိုင်၊ စုဝေးကွင်းနဲ့ ဘေးနှစ်ဘက်တွေမှာ မုန့်ဆိုင်တန်းတွေ ရှိပါ တယ်။ နောက်ကျောဘက်မှာ မြောက်ကနေတောင်ကို စီးဆင်းနေတဲ့ မြစ်ကြီးတစ်ခုလည်း ရှိပါတယ်။ ရွာကျောင်းဆိုပေမဲ့ မြို့နဲ့ကမြစ်တစ်ခုပဲ ခြားလေတော့ တောမကျ မြို့မကျ နေရာလို့ ပြောနိုင်တာပေါ့။

ဒီကျောင်းမှာ ကိုယ်တက်ဖြစ်ခဲ့တဲ့အကြောင်း နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က ဒီကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီးဟာ ကိုယ်တို့ရွာသားဖြစ်ပြီး ဆွေမျိုးနီးစပ်တော်သူလည်း ဖြစ်ပါတယ်။ ကိုယ်တို့ ရွာက ပထမဆုံးဘွဲ့ရခဲ့သူ တစ်ယောက်ပါ။ ဒုတိယအချက်ကတော့ တောသားဖြစ်တဲ့ ကိုယ့်အနေနဲ့ အရေးကိစ္စရှိလို့ မြို့ကိုသွားခွင့်ရတိုင်း ဒီကျောင်းကို မြင်တွေ့နေရတော့ “ဒီကျောင်းမှာ ငါတက်ခွင့်ရရင် ကောင်းမယ်” လို့ အမြဲတမ်း ငေးမောကြည့်ခဲ့ရတဲ့ ကျောင်းဖြစ်နေလို့ပါပဲ။

တောသားပီပီ မြို့ပေါ်မှာ ပိုကောင်းတဲ့ကျောင်းတွေ ရှိသေးတယ်ဆိုတာကို မသိခဲ့တာလည်း ပါတာပေါ့လေ။ ဘာပဲပြောပြော ဒီကျောင်းမှာ ကျောင်းသားတစ်ယောက်အဖြစ်နဲ့ စာသင်ကြားခွင့်ရ တာကို ပျော်ပါတယ်။ ဂုဏ်လည်းယူပါတယ်။ ဆရာဆရာမတွေနဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေ ကိုလည်း အစဉ် အမြဲ သတိရနေပါတယ်။

မနက်ကျောင်းကိုသွားရင် ထုံးစံအတိုင်း ရွာကနေ ဖောက်သည်မကားကြီး စီးပြီးလိုက်သွား ရပါ တယ်။ အကြောင်းအမျိုးမျိုးကြောင့် ဖောက်သည်မကားကို မမီတော့ဘူးဆိုရင် အရှေ့ရွာကို တစ်မိုင် လောက် ထပ်သွားပြီး ဂျစ်ကားစီး သွားရပါတယ်။ ကျောင်းအရှေ့ကို မနက်(၈)နာရီလောက်ဆို ပုံမှန် ရောက်ပါတယ်။ မြို့ပေါ်ကနေ ရွာဘက်ကိုပြန်တဲ့ နောက်ဆုံးကားဟာ ညနေ(၄)နာရီလောက်မှာ ကျောင်းအရှေ့ကို ရောက်ပါတယ်။ ကျောင်းဆင်းရင် အဲဒီကားနဲ့ ရွာကို ပြန်ရပါတယ်။

ကားအသွားအလာ မရှိခဲ့ရင်၊ အခြားကိစ္စတစ်ခုခုကြောင့် အိမ်ပြန်ဖို့မဖြစ်နိုင်တော့ရင် သူငယ်ချင်း တစ်ယောက်ယောက်ရဲ့အိမ်မှာ လိုက်အိပ်ရပါတယ်။ ကားခက တစ်လကို(၃၀ိ/)နှုန်းနဲ့ ကားဂိတ်မှာ ပေးသွင်းရပါတယ်။ ဂိတ်မှူးကြီးက စိတ်ကောင်းရှိသူပါ။ ကျောင်းသားတွေကို စောင့်ခေါ်ပေးဖို့ အလှည့် ကျကားသမားတွေကို အမြဲမှာလေ့ရှိပါတယ်။

ကျောင်းရှိတဲ့ရွာရဲ့ ထူးခြားချက်က ရွာပေါင်းလေးရွာ တစ်ဆက်တစ်စပ်တည်း ရှိနေတာပါပဲ။ အနီးအနားက ရွာတွေလည်း တစ်ရွာနဲ့တစ်ရွာ သိပ်မဝေးကြပါဘူး။ ကျောင်းနဲ့ မလှမ်းမကမ်းမှာ ဈေး ရှိပါတယ်။ အဲဒီရွာတွေကလည်း ဒီဈေးမှာပဲ ရောင်းကြဝယ်ကြတဲ့အပြင် မြို့နဲ့လည်းနီးလေတော့ အတန်အသင့် စည်ကားတဲ့ဈေးလို့ ပြောနိုင်ပါတယ်။

မနက်စာ နေ့လည်စာတွေကို ဒီဈေးမှာ ဝယ်စားလို့ရ ပါတယ်။ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်၊ မုန့်ဟင်းခါးဆိုင်တွေလည်း ပေါများပါတယ်။ လူပျိုစိတ်ဝင်နေကြပြီဖြစ်တဲ့ ကိုယ်တို့ကျောင်းသားတွေက အားချိန်နားချိန်တိုင်း ဈေးစားသောက်ဆိုင်တန်းမှာ တဝဲလည်လည်ပေါ့။

ကိုယ်တို့ကျောင်းမှာ ဆရာနည်းပြီး ဆရာမတွေများပါတယ်။ အမြဲတမ်းပြုံးနေတတ်တဲ့ ရုံးအကူ ဦးလေးကြီးတစ်ယောက်လည်း ရှိပါတယ်။ သူက စကားပြော ညင်ညင်သာသာနဲ့ နေပုံထိုင်ပုံလည်း ရိုးအေးသူ ဖြစ်ပါတယ်။ ကိုယ်တို့ကျောင်းသားတွေရဲ့ လှုပ်ရှားမှုမှန်သမျှကို အနီးကပ် ထောက်လှမ်းပြီး ဆရာကြီးကို သတင်းအတိအကျ အစီရင်ခံရသူဆိုတော့ ဆရာကြီးရဲ့ ကိုယ်ရေးအရာရှိလို ဖြစ်နေပါတယ်။ ဒါကြောင့် သူ့ကိုလည်း ဆရာဆရာမတွေနည်းတူ ကြောက်ရပါတယ်။

ကိုယ်ဖြတ်သန်းခဲ့တဲ့ မူလတန်း၊ အလယ်တန်း ကျောင်းသားဘဝတစ်လျှောက်မှာ တွေ့ဆုံခဲ့ရတဲ့ သူငယ်ချင်းတွေ ဆရာ ဆရာတွေအားလုံးဟာ ဗုဒ္ဓဘာသာဝင်တွေချည်းပဲ ဖြစ်ကြပါတယ်။ အထက်တန်း ကျောင်းသားဘဝမှာ စတွေ့ရတဲ့ မြန်မာစာဆရာမဟာ ခရစ်ယာန်တစ်ယောက် ဖြစ်ပါတယ်။ သူ့ သမီးတစ်ယောက်က ကိုယ်တွေနဲ့ တစ်တန်းတည်းပါ။ ကိုယ့်ဘဝရဲ့ ပထမဆုံး ဘာသာခြား သူငယ်ချင်း နဲ့ ခင်မင်ရခြင်းပါပဲ။ သူတို့မိသားစုနဲ့ ခင်မင်ရင်းနှီးခွင့်ရတာ ကိုယ့်အတွက်တော့ အတွေ့အကြုံအသစ် တွေ အများကြီးရပါတယ်။

အင်္ဂလိပ်စာသင်တဲ့ ဆရာမက ငယ်ငယ်ချောချော ရန်ကုန်သူ ဖြစ်ပါတယ်။ အရမ်းစိတ်ကောက် တတ်ပါတယ်။ သင်္ချာဆရာကတော့ အရပ်အရှည်ကြီးနဲ့ ကွမ်းစားတတ်ပါတယ်။ တပည့်တွေနဲ့လည်း ရင်းရင်းနှီးနှီး နေတတ်ပါတယ်။

ကျောင်းရှိတဲ့ရွာကနေ မြို့ကိုသွားရင် ကျောင်းနောက်ကမြစ်ကို ဖြတ်ပြီးဆောက်ထားတဲ့ တံတား ကြီးပေါ်က သွားရပါတယ်။ ရွာသူရွာသား အများအားစုဟာ မြင်းလှည်းနဲ့သွားကြပြီး စက်ဘီး၊ ဆိုင်ကယ် တွေနဲ့လည်း သွားကြပါတယ်။ တံတားကြီးရဲ့အရှည်က ပေ ၁၁၀၀ ရှိပါတယ်။ သူ့ခေတ်သူ့အခါ ကတော့ တိုင်းအတွင်းမှာ အရှည်ဆုံး တံတားကြီးတစ်ခုပေါ့။

ကိုယ်တို့ခပ်ငယ်ငယ် တံတားမရှိသေးခင်တုန်းက မြို့ကိုသွားမယ့် ရွာပေါင်းစုံလာတဲ့ ကားတွေ ဟာ မြစ်ကမ်းနားမှာရှိတဲ့ ကူးတို့ဆိပ်မှာ ဂိတ်ဆုံးကြပါတယ်။ အဲဒီကမှတဆင့် ခရီးသည်တွေက မြစ်ကို ကူးတို့လှေနဲ့ကူးပြီး တစ်ဘက်ကမ်းမှာ အဆင်သင့်ရှိနေတဲ့ မြင်းလှည်းဂိတ်က အလှည့်ကျမြင်းလှည်းနဲ့ မြို့ထဲကို ဆက်သွားရပါတယ်။ ကိုယ်တို့အထက်တန်းကျောင်းသား ဖြစ်နေချိန်မှာတော့ တံတားကြီးက ဆောက်ပြီးနေတာ ဆယ်စုနှစ်နီးပါး ရှိနေပါပြီ။

စက်ဘီးကလွဲရင် တံတားပေါ်ဖြတ်သန်းသွား ယာဉ်အားလုံးနီးပါးက ဖြတ်သန်းခပေးရပါတယ်။ တံတားအစနဲ့အဆုံး နှစ်ဘက်စလုံးမှာ ဖြတ်သန်းခ ကောက်ခံတဲ့ဂိတ်တွေနဲ့အတူ လုံခြုံရေးဂိတ်တွေ လည်း ရှိပါတယ်။ အထူးသဖြင့် လုံခြုံရေးဂိတ်အရှေ့မှာ ကားပေါ်ပါလာတဲ့ ခရီးသည်တွေက လမ်း လျှောက်ပြီး သွားရတာကို မှတ်မိပါတယ်။

စက်ဘီးလေးတွေနဲ့ ကျောင်းဝတ်စုံဝတ်ထားတဲ့ ကိုယ်တို့ ကျောင်းသူကျောင်းသားတွေကတော့ အထူးအခွင့်အရေး ရသူတွေပေါ့။ နောက်ပိုင်းကာလတွေမှာတော့ ဖြတ်သန်းခ ကောက်ခံတာမျိုး မတွေ့ ရတော့ပေမဲ့ လုံခြုံရေးဂိတ်တွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

မြို့ပေါ်မှာ ရုပ်ရှင်ကား ကောင်းကောင်း ရုံတင်တဲ့အချိန်ဆို သူငယ်ချင်းတွေအုပ်စုလိုက် ကျောင်း ပြေးပြီး ရုပ်ရှင်သွားကြည့်လေ့ ရှိကြပါတယ်။ အမြဲတမ်း နိုင်ငံခြားကားပဲပြတဲ့ ရုပ်ရှင်ရုံတစ်ရုံအပါအဝင် ရုပ်ရှင်ရုံ (၃)ရုံ ရှိပါတယ်။ ကိုယ်တို့ကျောင်းသားတွေက အများအားဖြင့် နိုင်ငံခြားကားပဲ အကြည့်များ ပါတယ်။

ဂျိမ်းစဘွန်း၊ ဘရုစလီ၊ ရမ်ဘို စသဖြင့် အက်ရှင်ကားတွေဖြစ်ပါတယ်။ ထုံးစံအတိုင်း ရုံဝင် လက်မှတ်ကိုတော့ မှောင်ခိုဈေးကွက်မှာပဲ ဝယ်ရတာပေါ့။ တစ်ရက်ကြိုဝယ်ဖို့ တန်းစီပြီးဝယ်ဖို့က အချိန်မပေးနိုင်ကြဘူးလေ။ အခုတော့ နိုင်ငံခြားကားပြတဲ့ ရုပ်ရှင်ရုံကြီးလည်း မရှိတော့ပါဘူး။ မီး လောင်ရာ ပါသွားတယ်လို့ သိရပါတယ်။ ကျန်တဲ့ ရုံကြီးနှစ်ကတော့ လောကဓံအလှည့်ပြောင်းတွေနဲ့ အခုအထိရှိနေဆဲပါပဲ။

ရုပ်ရှင်ကြည့်ပြီးအပြန်မှာ အဖိုးကြီးရောင်းတဲ့ အမဲအူသုပ်၊ တရုတ်ကြီးရောင်းတဲ့ ဆန်ပြုတ်နဲ့ ကြက်သားသုပ်၊ နာမည်ကြီး လက်ဖက်ရည်ဆိုင်တွေကို ပိုက်ဆံစုလို့ အဆင်ပြေရင် ပြေသလို အလှည့်ကျဝင်ရောက် စားသောက်ကြလေ့ရှိပါတယ်။ တံတားကြီးပေါ်ရောက်ရင် တံတားလက်ရန်း ပေါ်ထိုင်ပြီး မြစ်ထဲမှာ ငါးဖမ်းနေကြတဲ့ လှေငယ်လေးတွေကို ငေးကြည့်လိုက် ကောင်းကင်ကြီးကို မော့ကြည့်လိုက်နဲ့ ရုပ်ရှင်အကြောင်းတွေ၊ စိတ်ကူးပေါက်ရာတွေကို ငြင်းကြခုန်ကြပေါ့။

နောက်တစ်နေ့ကျောင်းပြန်တက်ရင် အတန်းပိုင်ဆရာမရဲ့စာသင်ချိန်မှာ တစ်ချိန်ကုန် မတ်တပ် ရပ်ပြီး ဒဏ်ပေးခံရတဲ့ အကြိမ်ပေါင်းလည်း မနည်းလှပါဘူး။ အမှန်အတိုင်း ဝန်ခံရရင် ကိုယ့်အနေနဲ့ ရုပ်ရှင်ကြိုက်လွန်းလှတယ် မဟုတ်ပါဘူး။ တောသားမြို့ရောက် ဆိုတဲ့အတိုင်း အသစ်အဆန်းကို မြည်းစမ်း ကြည့်တာပါ။ ရွာမှာက အက်ရှင်ကားတွေ ကြည့်ရဖို့ မလွယ်ဘူးလေ။ ဒီလိုနဲ့ပဲ အထက်တန်း ကျောင်းသားဘဝကစလို့ ကွမ်းကိုလည်း တစတစ စားကြည့်ရာက စွဲစွဲမြဲမြဲ စားတတ်ခဲ့တာ အခုအထိပဲ ဆိုပါတော့။

ဧသုနိုင်

ဆက်လက်ဖော်ပြပါမည်။ >>>>