စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ပုလောတွင် ခုနစ်နာရီကြာတိုက်ပွဲပြင်းထန်

0
1874

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး   ခုနှစ်နာရီခန့်ကြာသည်အထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ပုလောအခြေစိုက်၊ မြိတ်ခရိုင်(အမှတ် ၁ )တပ်ရင်းနှင့် ဒေသခံများ ထံမှသိသည်။

ယနေ့(စက်တင်ဘာ ၁၁) နံနက် ၅ နာရီ ၂၀ မိနစ်တွင် ပုလောမြို့နယ်၊ ပိတပ်ကျေးရွာသို့ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁)၏ ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှသိရသည်။

နှစ်ဖက်တိုက်ပွဲသည်  မွန်းလွဲ ၁၂ နာရီအချိန်အထိ ဖြစ်ခဲ့ပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်များ ပလမြို့ဘက်သို့ တဖြည်းဖြည်း  ပြန်လည်ဆုတ်ခွါသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်နေစဥ်အတွင်း ပလမြို့စစ်ကောင်စီတပ်အပါအဝင် စစ်သင်္ဘောများမှ ပြည်သူ့ကာကွယ်ရေးတပ်ရှိရာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည် သိရသည်။

“လက်နက်ကြီးတွေ ထောင်းလိုက်တာမှ ရေထဲရော ကုန်းပေါ်ပါထောင်းတာ။ သူ့လက်နက်နဲ့သူလူတွေတောင် ပြန်သေနိုင်တယ်”ဟု ဒေသခံအမျိုးသားကပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး သေဆုံးပြီး တပ်သား ၄ ဦး ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ်မှ ပိတပ်ရွာနေ အရပ်သားတစ်ဦးကိုလည်း ပစ်သတ်သွားခဲ့သည်ဟု မြိတ်ခရိုင်တပ်ရင်း(၁)၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

“ကျသွားတဲ့အရာရှိကိုတော့ စောင်နဲ့အုပ်ပြီး ဘေးတွဲနဲ့တင်သွားပါတယ်။ အရပ်သားကိုတော့ ပိတပ်ရွာစာသင်ကျောင်းအနီးမှာ ပစ်သတ်ထားခဲ့တယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး” ဟု ပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ကပြောသည်။

စစ်ကြောင်းထိုးဝင်လာစဥ် မြဒေါင်နှင့်ပိတပ်ရွာသားများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ပိတပ်ကျေးရွာရှိ နေအိမ်များအား ရှာဖွေမွှေနှောက်ခြင်း၊ ရိုက်ချိုးဖျက်ဆီးခြင်းများကိုလည်း လုပ်ဆောင်ခဲ့သည်ဟု မြိတ်ခရိုင်တပ်ရင်း ၁ နှင့် ဒေသခံများ ထံမှသိရသည်။ 

“ပစ်သတ်ခံရတဲ့လူက ကြောက်ပြီးပုန်းနေတာ သူတို့(စစ်ကောင်စီတပ်)က တွေ့သွားပြီး ပစ်သတ်ခံလိုက်ရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

တိုက်ပွဲပြီးဆုံးချိန် စစ်ကောင်စီတပ်ဘက်မှ  ကျည်ဆန် ၂၅၀ အားလတ်တလောတွင် သိမ်းဆည်းရရှိခဲ့သည်ဟု မြိတ်ခရိုင်တပ်ရင်း ၁ ထံမှသိရသည်။

ပုလောမြို့နယ်အတွင်း တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် အရေးကြီးစာရွက်စာတမ်းများ၊ တန်ဖိုးရှိ ပစ္စည်းများကို သေချာစွာ ထုပ်ပိုးသိမ်းဆည်းထားကြရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မှ ပြောဆိုထားသည်။

ယင်းအပြင် စစ်ရေးသတိအမြဲရှိရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်တပ်ဖွဲ့များမှ ထုတ်ပြန်သည့် ကြေညာချက်များကို လေးစားလိုက်နာပေးကြရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။