တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1610

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ

အင်ဒိုနီးရှားတွင် ဟိုတယ် ဓာတ်လှေကားကြိုး ပြတ်ကျသဖြင့် လူ ၅ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက ဟိုတယ်တစ်လုံးမှာ ဓာတ်လှေကားကေဘယ်ကြိုး ပြတ်ပြီး ချောက်ထဲ ပြုတ်ကျခဲ့လို့ ဟိုတယ်ဝန်ထမ်း ၅ ဦး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့က အယုတ္တရအပန်းဖြေစခန်းမှာ ဖြစ်ပွားခဲ့တာပါ။

ဟိုတယ်ဝန်ထမ်း အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဟာ ဓါတ်လှေကား စီးနေတုန်း ကေဘယ်ကြိုး ပြတ်ပြီး မီတာ ၁၀၀ နက်တဲ့ ချောက်ထဲ ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၅ ယောက်ဟာ ဟိုတယ် အိပ်ခန်းဆောင်ထိန်းသိမ်းရေးဌာန ဝန်ထမ်းတွေပါ။

သူတို့ ၅ ယောက်အနက် ၃ ယောက်က အသက်ရှူနေသေးလို့ အနီးနားက ဆေးရုံ တင်ပို့ခဲ့ကပေမဲ့ ဆေးရုံမှာပဲ့ သေဆုံးသွားခဲ့ကြပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ ကေဘယ်ကြိုးဟာ ဓာတ်လှေကားဝန်ကို မနိုင်လို့ ပြတ်ကျသွားခဲ့တာလို့ ဆိုထားပါတယ်။

Ref: The Strait Times

………………………………..

ကနေဒါကလေးငယ်တစ်ဦး ကမ္ဘာ့အသက်ငယ်ဆုံး ဗီဒီယိုဂိမ်းတီထွင်သူ ဖြစ်လာ

ကနေဒါနိုင်ငံက အသက် ၆ နှစ်နဲ့ ၃၃၅ ရက်အရွယ်ရှိ ဆီမာ ကူရာနာဆိုတဲ့ ကလေးမလေးဟာ ကမ္ဘာ့အသက်အငယ်ဆုံး ဗီဒီယိုဂိမ်းတီထွင်သူ ဖြစ်လာခဲ့ပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၁ နှစ်က Coding ကို စသင်ယူခဲ့ပြီး ၁ ပတ်ကို အတန်း ၃ တန်းအထိ တက်ခဲ့တာပါ။

ဆီမာဟာ သင်္ချာနဲ့ Coding ပိုင်းမှာ အရည်အချင်းရှိတဲ့ သူတစ်ဦးဖြစ်ပါတယ်။

Coding ပိုင်းမှာလည်း သဘာဝအတိုင်းထူးချွန်မယ်ဆိုတာ ခံစားမိလို့ ဆီမာ နှစ်သက်မယ့် Coding သင်တန်းကို တက်ခိုင်းစေခဲ့တယ်လို့ သူ့အဖေက ပြောကြားခဲ့ပါတယ်။

သင်တန်းတက်ပြီး လအနည်းငယ်အကြာမှာ သက်တူရွယ်တူကလေးတွေအတွက် ဗီဒီယိုဂိမ်းတစ်ခုဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အာဟာရ မပြည့်ဝတဲ့ အစားအစာတွေကို စားမိရင် ရလာမဲ့ ဆိုးကျိုးတွေကို သိခဲ့ရပြီးတဲ့နောက်မှာ Healthy Food Challenge အမည်နဲ့ ဂိမ်းကို ဖန်တီးဖို့ အကြံဉာဏ်ရခဲ့တယ်လို့ ဆိုပါတယ်။

ဒီဂိမ်းနဲ့ သက်တူရွယ်တူကလေးတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေကို ခွဲခြားသိစေခဲ့ပါတယ်။

ကမ္ဘာ့ဂင်းနက်စ်စံချိန်ယူဖို့ စိတ်ကူးထားတဲ့အတွက် သတ်မှတ်ထားတဲ့ အသက်အရွယ်မကျော်လွန်ခင် အချိန် ၄ လပဲ ရခဲ့ပေမဲ့ အောင်မြင်ခဲ့ပါတယ်။

Ref: Guinness World Record

………………………………..

နှစ်ပေါင်း ၁၄၀ အတွင်း ဟောင်ကောင်တွင် အဆိုးရွားဆုံး မိုးရေကြီးမှု ကြုံနေရ

ဟောင်ကောင်နဲ့ တရုတ်နိုင်ငံ တောင်ပိုင်းမြို့တွေမှာ စံချိန်တင် မိုးရွာသွန်းခဲ့ပြီး ရေကြီးရေလျှံခဲ့ပါတယ်။

စက်တင်ဘာလ ၇ ရက် ညပိုင်းက စတင်ရွာသွန်းခဲ့တဲ့ မိုးဟာ နှစ်ပေါင်း ၁၄၀ နီးပါးအတွင်း ဟောင်ကောင်မြို့မှာ အကြီးမားဆုံး မိုးရွာသွန်းမှု ဖြစ်ခဲ့ပါတယ်။

မိုးရေချိန်တစ်နာရီလျှင် ၁၅၁ မီလီမီတာအထိ ရွာသွန်းခဲ့ပြီး မိုးရေချိန်မှတ်တမ်း စတင်ကောက်ယူခဲ့တဲ့ ၁၈၈၄ ခုနှစ်နောက်ပိုင်း စံချိန်တင် မိုးရွာသွန်းမှု ဖြစ်ပါတယ်။

ဒါကြောင့် လမ်းတွေ မြေအောက်ဘူတာရုံတွေမှာ ရေလွှမ်းမိုးခဲ့ပြီး စာသင်ကျောင်းတွေ အလုပ်တွေကိုလည်း ပိတ်ထားရပါတယ်။

ရာသီဥတုဆိုးရွားခဲ့လို့ တစ်ရက်အတွင်း ဆေးရုံတင်ပို့ပေးခဲ့ရသူ အနည်းဆုံး ၈၃ ဦး ရှိတယ်လို့ ဟောင်ကောင်အာဏာပိုင်တွေက ဆိုထားပါတယ်။

Ref: BBC

………………………………..

ကမ္ဘာ့ဖလားချန်ပီယံ စပိန်အမျိုးသမီး ဘောလုံးအသင်းနည်းပြ အလုပ်ထုတ်ခံရ

အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးချန်ပီယံ စပိန်လက်ရွေးစင် အသင်းနည်းပြ ဂျော့ဗင်ဒါ (Jorge Vilda) ကို ရာထူးကထုတ်ပယ်လိုက်ကြောင်း စပိန် ဘောလုံးအဖွဲ့ချုပ်က စက်တင်ဘာလ ၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

Vilda ဟာ စပိန်အမျိုးသမီးအသင်းကို ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားရအောင် စွမ်းဆောင်ပေးခဲ့အပြီး ၃ ပတ်အကြာမှာ ရာထူးကထုတ်ခံခဲ့ရတာပါ။

အမျိုးသမီးကစားသမားတစ်ဦးကို အတင်းအကျပ် နမ်းခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူဝီရူဘီလက်စ် (Luis Rubiales) ကို ရာထူးက ယာယီရပ်ဆိုင်းထားပြီးတဲ့နောက် ဒီကိစ္စဖြစ်လာခဲ့ပါတယ်။

ကာယကံရှင်ရဲ့ဆန္ဒမပါဘဲ နှုတ်ခမ်းကိုနမ်းခဲ့တဲ့ဖြစ်ရပ်မှာ ဝေဖန်မှုတွေရင်ဆိုင်ခဲ့ရပေမယ့် ရာထူးကနုတ်ထွက်ပေးဖို့ ငြင်းဆန်ခဲ့တဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့ လုပ်ရပ်ကို နည်းပြ Vilda လည်း ထောက်ခံခဲ့သူတွေထဲ ပါဝင်ခဲ့ပါတယ်။

နောက်ပိုင်းမှသာ မသင်လျော်ဘူးလို့ ပြန်ပြင်ပြောခဲ့ပါတယ်။

Ref: Aljazeera

………………………………..

စပိန်မင်းသားတစ်ဦး လိင်ပိုင်းစော်ကားမှုစွပ်စွဲချက်ဖြင့် ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် ဖမ်းဆီးခံရ

My Fault ဇာတ်ကားမှာ နစ်ခ်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား ဂါဘရီရယ် ဂွေဗားရားဟာ ပြင်သစ်မှာဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှု စွပ်စွဲချက်နဲ့ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

အသက် ၂၂ နှစ်အရွယ် ဂါဘရီရယ်က ဆုတစ်ခု မရခင် တစ်ရက်မှာပဲ ရုပ်ရှင်ပွဲတော်အတွင်း အီတလီအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြတာပါ။

ဖမ်းဆီးခံရတဲ့ အမှုအချက်အလက်များကို ထုတ်ပြောထားခြင်းမရှိသေးပါဘူး။

သူ့ကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဂါဘရီရယ်က Filming Italy က ပေးအပ်တဲ့ အကောင်းဆုံးလူငယ်သရုပ်ဆောင်ဆုကို လက်ခံရယူဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

Ref: Daily Mail

………………………………..

ပုပ်ရဟန်းမင်းကြီး မွန်ဂိုလီယားနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်

ကမ္ဘာမှာ ကက်သလစ်ဘာသာဝင် အနည်းဆုံးနဲ့ အသစ်ဆုံးလည်းဖြစ်တဲ့ မွန်ဂိုလီးယားနိုင်ငံကို ပုပ်ရဟန်းမင်းကြီးက စက်တင်ဘာလ ၂ ရက်နေ့မှာ ပထမဆုံး ကြွရောက်ခဲ့ပါတယ်။

မွန်ဂိုးလီးယားနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး ကက်သလစ်ဘာသာဝင် ၁၄၅၀ ဦးပဲ ရှိပါတယ်။ ဘုန်းကြီး နှစ်ပါးသာရှိပြီး သီလရှင်မရှိသေးပါဘူး။

စက်တင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ဖရန်စစ်ရဲ့ ဝတ်ပြုဆုတောင်းပွဲကို တရုတ်ဘုရားဖူးတွေအပါအဝင် လူဦးရေထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့မှာတော့ ၃ ထပ်ရှိတဲ့ စာသင်ကျောင်းဟောင်းတစ်ခုမှာ ဒုက္ခသည်များအတွက် ဆေးခန်းနဲ့ နေစရာ ဖန်တီးထားတာကိုလည်း သွားရောက် ကြည့်ရှုခဲ့ပါတယ်။

House of Mercy လို့ အမည်ပေးထားတဲ့ အဆောက်အဦးကို သန့်စင်တဲ့ရေတော်နဲ့ ပက်ဖြန်းဆုတောင်းပေးခဲ့ပြီးနောက် ပုပ်ရဟန်းမင်းကြီးက ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံမှာ ဘာသာရေးအရ ဖိနှိပ်မှုတွေ ကြုံနေရချိန် မွန်ဂိုလီယားနိုင်ငံကို ပုပ်ရဟန်းမင်းကြီးက သွားရောက်ခဲ့တာဖြစ်ပါတယ်။

Ref: DW

………………………………..

ယူကရိန်းမှာ ဈေးကို ဒုံးကျည်ထိမှန်လို့ အနည်းဆုံး ၁၇ ဦးသေဆုံး

ယူကရိန်းနိုင်ငံအရှေ့ပိုင်း လူစည်းကားတဲ့ မြို့တစ်မြို့ရဲ့ ဈေးတစ်ခုကို စက်တင်ဘာလ ၆ ရက်နေ့က ရုရှားဒုံးကျည်ထိမှန်ခဲ့ပါတယ်။

ထိမှန်ခဲ့လို့ အနည်းဆုံး ၁၇ ဦးသေဆုံးခဲ့ပြီး ၃၂ ဦးဒဏ်ရာရရှိခဲ့တာပါ။

ယူကရိန်းသမ္မတကတော့ ဒီလုပ်ရပ်အပေါ် ရှုတ်ချခဲ့ပြီး ဈေး၊ ဆိုင်နဲ့ ဆေးဆိုင်တစ်ဆိုင် ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလုပ်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အမ်တိုနီ ဘလင်ကန် ယူကရိန်းမြို့တော် ကိဗက်ကို ရောက်ရှိလာချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်။

Ref: CNN

………………………………..

အစ္စရေးကန္တာရထဲမှာ နှစ်ပေါင်း ၁၉၀၀ သက်တမ်းရှိ ဓါးလေးချောင်း တွေ့ရှိ

အစ္စရေးပင်လယ်သေထဲက လှိုဏ်ဂူတစ်ခုထဲမှာ နှစ်ပေါင်း ၁၉၀၀ သက်တမ်းရှိ ဓါးလေးချောင်းကို ရှေးဟောင်းသုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

ဒီဓါးတွေဟာ ဂျူးတွေ ရောမအုပ်ချုပ်ရေးကို တော်လှန်တဲ့အချိန် စစ်ပွဲအတွင်း ရယူလာခဲ့တဲ့ ပစ္စည်းတွေလို့ ယူဆထားပါတယ်။

ဓါးသုံးချောင်းရဲ့ ပုံသဏ္ဍန်က ရောမခေတ် စပါတာ ဓါးရှည်ပုံစံဖြစ်ပါတယ်။

ကျန်တစ်ချောင်းကတော့ လက်ကိုင်မှာ သံကွင်းပုံပါနေတဲ့ ဓါးတိုဖြစ်ပါတယ်။

ဒီလှိုဏ်ဂူက ခရစ်တော်မတော်မီ ဘီစီ တစ်ရာစုနဲ့ အေဒီ ဒုတိယရာစုအတွင်း ဂျူဒီယာ (Judea) ဒေသကို ထိန်းချုပ်ထားတဲ့ ရောမလူမျိုးတွေကို တွန်းလှန်ခဲ့တဲ့ ဂျူးသူပုန်တွေ ခိုအောင်းရာနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

Ref: NBC News

………………………………..

စကြာဝဠာ ဖြစ်ပေါ်လာပုံကို လေ့လာမယ့် ဂျပန်ဒုံးပျံ လွှတ်တင်

ဂျပန်နိုင်ငံဟာ စကြာဝဠာ ဖြစ်ပေါ်လာပုံကို ရှာဖွေနိုင်ဖို့ ရည်ရွယ်ထားတဲ့ X-ray တယ်လီစကုပ် အနုစိတ်မှန်ပြောင်းတပ်ဆင်ထားတဲ့ ဒုံးပျံတစင်းကို စက်တင်ဘာလ ၇ ရက်နေ့က လွှတ်တင်လိုက်ပါတယ်။

အနောက်တောင်ပိုင်းရှိ တာနေဂါ့ရှိမ အာကာက စခန်းကနေ HII-A ဒုံးပျံ လွှတ်တင်ခဲ့တာပါ။

ဒုံးပျံက လဆင်းယာဉ်ငယ်ကိုလည်း တင်ဆောင်ထားပါသေးတယ်။

လွှတ်တင်ပြီး ဆယ့်သုံးမိနစ်အကြာ ကမ္ဘာပတ်လမ်းထဲကို ဂြိုလ်တုရောက်ရှိခဲ့ပါတယ်။

တပ်ဆင်ထားတဲ့ တယ်လီစကုပ်ကနေ ကောင်းကင်အရာဝတ္ထုတွေ ဘယ်လိုဖွဲ့စည်းထားကြောင်း လေ့လာမှာပါ။

စကြဝဠာကြီး ဘယ်လို စတင် ဖြစ်တည်ခဲ့လဲဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဂျပန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီက ပြောကြားထားပါတယ်။

Ref: Euro News

………………………………..

ထိုင်းနိုင်ငံမှာ အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆို

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထိုင်းဘုရင်က အစိုးရအဖွဲ့သစ်ကို အတည်ပြုပေးခဲ့ပြီးနောက်မှာ စက်တင်ဘာ ၅ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။

ညွှန့်ပေါင်းအစိုးရထဲမှာပါတဲ့ အိမ်ခြံမြေသူဌေး ဆေထာ ထဝီဆင်ဟာ ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ Pheu Thai ပါတီဟာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းလိုက်တဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဝန်ကြီးချုပ်နဲ့ ဝန်ကြီး ၃၃ ယောက်က ဘုရင်ရှေ့မှာ ကျမ်းကျိန်ခဲ့ကြပြီး ဝန်ကြီးချုပ် ဆေထာ ထဝီဆင်က ခေါင်းဆောင်အနေနဲ့ ပထမဆုံး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

Ref: Nikkei Asia

………………………………..