ပုလောတွင် ရေတပ်သင်္ဘောနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ပထမဆုံးအကြိမ်နှစ်ဖက်ပစ်ခတ်မှုဖြစ်

0
4653
ကျွန်းစုမြို့နယ်၌ ပြည်သူ့ကာကွယ်ရေးတပ်များအားတွေ့ရစဥ်(ပုံဟောင်း) ဓာတ်ပုံ - ကျွန်းစုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မြိတ်ခရိုင်၊ ပုလောအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီရေတပ်သင်္ဘောတို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း တပ်ရင်း (၁) နှင့် ဒေသခံများထံမှသိရသည်။

ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီခန့်က ထိပ်တိုက် တွေ့ခဲ့ပြီး မိနစ် ၂၀ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း မြိတ်ခရိုင်၊ တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“ကျွန်တော်တို့အဖွဲ့က မစ်ရှင်တစ်ခုလုပ်ဖို့အသွား ထိပ်တိုက်တွေ့ပြီးသူတို့က စပစ်တယ်။ ကြိုပြီးသတင်းပေါက်သွားတဲ့ပုံပဲ” ဟု ၎င်းက ပြောဆိုသည်။

ထိတွေ့မှုအတွင်း စစ်ကောင်စီသင်္ဘောက အမြောက်အချက်ရေ ၁၀ ကျော် ပစ်ခတ်ခဲ့ပြီး ယင်းသို့ပစ်ခတ်နေချိန် နောက်ထပ်စစ်သင်္ဘောတစီး ထပ်မံရောက်ရှိလာသဖြင့် ပြန်ဆုတ်ခဲ့ရကြောင်း တပ်ရင်း (၁) ထံမှသိရသည်။

“ပစ်ခတ်သံတွေပဲကြားရတယ်။ ပေါက်ကွဲတဲ့အသံက မကြားရဘူး။ ကျွန်တော်တို့ တပ်ဖွဲ့တွေက အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မြေပြင်တွင်သာ ထိတွေ့တိုက်ပွဲဖြစ်လေ့ရှိပြီး ပင်လယ်ပြင်တွင် စစ်သင်္ဘောနှင့် ထိပ်တိုက်ပစ်ခတ်မှု ပထမဆုံးအကြိမ်ဖြစ်ကြောင်း တပ်ရင်း (၁) တာဝန်ခံက ပြောဆိုသည်။

“လက်နက်ကြီးအသံတွေ လေးငါးခြောက်ချက် ကြားရတယ်။ ပစ်တာ မထိဘူးလို့ သိရတယ်” ဟု ပုလောဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်တွင် စစ်သင်္ဘောရပ်နားထားသည်မှာ လအနည်းငယ်ကြာနေပြီဖြစ်ပြီး ကျောက္ကာ၊ သကျက်ကမ်းစသည့် ကျေးရွာများမှပင်လယ်ပြင်ထွက်သည့် ငါးဖမ်းလှေများအား စစ်ဆေးခြင်း မသင်္ကာသူများကို ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။