တရုတ်ရုပ်ရှင်များကြောင့် အရှေ့တောင်အာရှကို ခရီးသွားဖို့ကြောက်လာတဲ့ တရုတ်ပြည်သူတွေ

0
2004

ယခုနွေရာသီ၏ တရုတ် ထိပ်တန်းရုပ်ရှင် No More Bets ဇာတ်ကားတွင် တရုတ် နာမည်ကြီး အနုပညာရှင် တစ်ဦးဖြစ်သည့် Lay Zhang က အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ၎င်း၏ ဇာတ်ကောင် သည် စင်ကာပူတွင် အတုအယောင်အလုပ်ကမ်းလှမ်းမှုကို လက်ခံပြီးနောက် စိတ်ကူးယဉ်ဆန်သော အရှေ့တောင်အာရှနိုင်ငံတစ်ခုတွင် ရာဇ၀တ်ဂိုဏ်းတစ်ခုအတွက် အဓမ္မအလုပ်ခိုင်းစေခြင်းခံခဲ့ရသည်။

အဆိုပါ ဇာတ်ကားနှင့် အပြိုင် ပြသသွားမည့် တရုတ် သည်းထိတ်ရင်ဖို ဇာတ်ကား Lost In The Stars မှာလည်း ခင်ပွန်းဖြစ်သူ နှင့်အတူ အရှေ့တောင်အာရှရှိ စိတ်ကူးယဉ်နိုင်ငံတစ်ခုသို့ ခရီးထွက်လာသူ အမျိုးသမီးတစ်ဦးသည် နောက်ဆုံးတွင် အသက်ဘေးနှင့် ရင်ဆိုင်ခဲ့ရသည့် ဇာတ်လမ်းကို တင်ဆက်ထားသည်။ ဇာတ်ကြောင်းကွဲပြားသော်လည်း ယင်း ဇာတ်ကား ၂ခုလုံးသည် အရှေ့တောင်အာရှတွင် ဇာတ်အိမ်တည်ထားသည် ကို သတိပြုမိနိုင်သည်။

တရုတ်နိုင်ငံရှိ အင်တာနက်သုံးစွဲသူများနှင့် ရုပ်ရှင်ကြည့်ရှုသူများအတွက်မူ အဆိုပါရုပ်ရှင်နှစ်ကားသည် အရှေ့တောင်အာရှဒေသကို များပြားလှသော လှည့်စားမှုများနှင့် အခြားရာဇ၀တ်မှုများဖြစ်ပွားရာ ရပ်၀န်းအဖြစ် ၎င်းတို့၏ အထင်အမြင်ကို ခိုင်မာလာစေခဲ့သည်။

အရှေ့တောင်အာရှ ဒေသသို့ သွားရောက်လည်ပတ်သည့် တရုတ်ခရီးသွားများ အသတ်ခံရခြင်း သို့မဟုတ် ပျောက်ဆုံးသွားခြင်း စသည့် သတင်းများ ကို လအတန်ကြာ ဖတ်ရှုခဲ့ကြရပြီးနောက် နောက်ဆက်တွဲအဖြစ် ၎င်းတို့အနေနှင့် အဆိုပါ ဒေသသို့ ခရီးသွားခြင်းမှ ရှောင်ကြဉ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ပထမ ခုနစ်လတာအတွင်း ထိုင်းနိုင်ငံ၏ ထိပ်တန်းခရီးသွားရင်းမြစ်အဖြစ် တရုတ် ကို ကျော်လွန်ကာ မလေးရှားက အစားထိုး ၀င်ရောက်လာခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ဤသို့ ၀င်ရောက်လာမှုသည် ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။

တရုတ်နိုင်ငံတွင်း အင်တာနက်သုံးစွဲသူ ၉,၂၉၈ဦး အပေါ် ကောက်ယူထားသည့် စစ်တမ်းများအရ ၉၆ ရာခိုင်နှုန်းနီးပါးသည် ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများကြောင့် ၎င်းတို့၏ ခရီးစဥ်များအတွင်း မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ရန် ထည့်သွင်းစဥ်းစားမည် မဟုတ်ကြောင်း တွေ့ရှိရသည်။ အဆိုပါ ရလဒ် ကို ကြည့်ခြင်းအားဖြင့် တယ်လီကွန်းဆိုင်ရာ လိမ်လည်မှုများ နှင့် စပ်လျဥ်းပြီး တရုတ်ခရီးသွားများ အနေနှင့် မြန်မာနိုင်ငံသို့ လှည့်လည်သွားလာရေးအတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုများ တိုးလာသည်ကို တွေ့ရကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာ Global Times က သြဂုတ် ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

No More Bets ရုပ်ရှင်ကား၏ အဆုံးတွင် ဖော်ပြခဲ့သည့် တရုတ်နိုင်ငံရှိ တယ်လီကွန်းလိမ်လည်မှုများဆိုင်ရာ စာရင်းဇယားများအရ ပြည်သူ့လုံခြုံရေးဗျူရိုအနေနှင့် အမှုပေါင်း ၁.၁၅၆ သန်းကို နှိမ်နင်းခဲ့ပြီး သံသယရှိသူ ၁.၅၅၃ သန်းကို ဖမ်းဆီးနိုင်ခဲ့သည်။ ငွေပေးချေမှုနှင့် ရန်ပုံငွေများအနက် ယွမ် ၉၁၆ ဒသမ ၅ သန်း ကို အကောင့်များ ပိတ်ဆို့နိုင်ခဲ့ကာ ယွမ် ၉၃.၈၅ သန်းကို လှည့်စားခံခြင်းမှ တားမြစ်နိုင်ခဲ့သည်။ ထို့အပြင် ၂၀၂၂ ခုနှစ်အကုန်တွင် နစ်နာသူများ၏ ဆုံးရှုံးငွေများထဲမှ ယွမ် ၂၈၆.၁ ဘီလီယံကျော် ကို ပြန်လည်ရယူပေးနိုင်ခဲ့ကြောင်း သိရသည်။

Global Times ၏ ဖော်ပြချက်အရ တဖက်မှာလည်း Lost In The Stars သည် ယခုနှစ်နွေရာသီ၏ ဝင်ငွေအကောင်းဆုံးဇာတ်ကားစာရင်း ၀င်လာကာ No More Bets ဇာတ်ကားနောက်သို့ အမီလိုက်နိုင်ခဲ့သည်။
တရုတ်နိုင်ငံတွင်း နာမည်ကြီး ရီဗျူးဆိုက် တစ်ခု ဖြစ်သည့် Douban တွင် အသုံးပြုသူ Liuyisi က Lost In The Stars သည် ပျောက်ဆုံးသွားကာ အသက်ဘေးကြုံရသည့် အမျိုးသမီးတစ်ဦးအကြောင်းကို သရုပ်ဖော်ထားပြီး No More Bets သည် အရှေ့တောင်အာရှတွင်း လှည့်စားခံရရင်း ပြန်ပေးဆွဲခံရခြင်း အကြောင်း ဖြစ်သည့်အတွက် “အဆိုပါ (အရှေ့တောင်အာရှ) ဒေသကို ဘယ်သူတွေကများ သွားရဲကြပါသေးသလဲ” ဟု ရည်ညွန်းရေးသားခဲ့သည်။

ထို့အပြင် SaturnRings အမည်ရ အသုံးပြုသူကလည်း ဤရုပ်ရှင်နှစ်ကားသည် “အရှေ့တောင်အာရှသို့ ခရီးသွားလာမှုကို အမှန်တကယ် ထိခိုက်စေလိမ့်မည်” ဟု ရေးသားခဲ့သည်။

ဘေဂျင်းမြို့ရှိ အဆိုပါ ရုပ်ရှင်နှစ်ကားစလုံးကို ကြည့်ရှုခဲ့သည့် အာမခံအေးဂျင့်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် Lin Minjie က Lost In The Stars ဇာတ်ကားတွင်း အမျိုးသားဇာတ်ဆောင်၏ အကူအညီမဲ့မှုသည် ကြည့်ရင်း ဇာတ်အိမ်တည်ထားရာ စိတ်ကူးယဉ် အရှေ့တောင်အာရှနိုင်ငံရှိ ရဲများသည် အားကိုးစရာမရှိဟု ထင်မြင်မိကြောင်း ပြောခဲ့သည်။

“သူတို့ ကျွန်မကို နားလည်ရင်တောင် ဒေသခံရဲတွေအနေနဲ့ ကျွန်မကို ကူညီပေးနိုင်မယ်ဆိုတာကို ယုံကြည်နိုင်မယ် မထင်ဘူး” ဟု တရုတ်(မန်ဒရင်း)စကားနှင့် အင်္ဂလိပ်စကား ပြောတတ်သော ၎င်းက ပြောသည်။

ထို့အပြင် Lost In The Stars ဇာတ်ကားကို ကြည့်ရှုရင်း ပြီးခဲ့သည့် မေလက ဘာလီကျွန်းရှိ ဟိုတယ်ခန်းတစ်ခုတွင်း တရုတ်အမျိုးသမီးတစ်ဦး၏ ချစ်သူအမျိုးသားထံမှ နှိပ်စက်ညှဉ်းပန်းမှုနှင့် ရေနစ်သတ်မှုတို့ကို ခံခဲ့ရကြောင်း သတင်းမီဒီယာများပေါ်တွင် ပွက်လောရိုက်ခဲ့သည့် သတင်း ကို သတိရမိကြောင်း မစ္စလင်းက ပြောကြားခဲ့သည်။

လိမ်လည်မှုများ၏ သားကောင်များအဖြစ်မှ ၎င်းတို့ကိုယ်တိုင် လိမ်လည်သူများ အဖြစ် အတင်းအဓမ္မ ခိုင်းစေခံခဲ့ရသည် ဟု ဆိုသည့် မြန်မာနိုင်ငံတွင်း လိမ်လည်မှုလုပ်ငန်းများမှ လွတ်မြောက်လာသူများ သည် ၎င်းတို့ ချုပ်နှောင်ခံရစဥ်ကာလအတွင်း ကြုံတွေ့ခဲ့ရသည့် ရက်စက်ယုတ်မာမှုများအကြောင်းကို တရုတ်နိုင်ငံအခြေစိုက် ဗီဒီယိုလွှင့်ပလက်ဖောင်း တစ်ခုဖြစ်သည့် Bilibili တွင် မျှဝေကြသည်။

မကြာသေးမီကပဲ မြန်မာနိုင်ငံရှိ တရုတ်သံရုံးက တယ်လီကွန်းဆိုင်ရာ လိမ်လည်မှုတွင် ပါ၀င်ကြောင်း သံသယရှိသူလေးဦးကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်မှုတစ်ခုအဖြစ် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သေးသည်။

Instagram ကဲ့သို့ အလားတူ တရုတ်နိုင်ငံတွင်းသုံး လူမှုကွန်ရက် တစ်ခု ဖြစ်သည့် Xiaohongshu တွင် ဆိုရှယ်မီဒီယာလွှမ်းမိုးမှုရှိသူ တစ်ဦးဖြစ်သည့် Yadianna သည် ပြီးခဲ့သည့် ဧပြီလတွင် ထိုင်းနိုင်ငံတွင် ပျောက်ကွယ်သွားပြီးနောက် သူငယ်ချင်းဖြစ်သူ၏ စနက်ကြောင့် လိမ်လည်မှုလုပ်ငန်းများထံ ရောင်းစားခံရသည်ဟု သံသယရှိခံထားရသည်။ ယခုအချိန်ထိ သူမကို ပြန်လည်မတွေ့မြင်ရသေးပေ။

ထိုင်းနိုင်ငံတွင်း အလားအလာရှိသော တရုတ်ခရီးသွားအရေအတွက် ပိုမိုဆုတ်ယုတ်သွားမှု သည် နိုင်ငံရေးမရေရာမှုထက် လိမ်လည်လှည့်စားမှုများ၏ သားကောင်များ အဖြစ် ကျရောက်နိုင်မှုကြောင့် ဖြစ်ကြောင်း ထိုင်းခရီးသွားအေးဂျင့်များအသင်းက ပြီးခဲ့သည့် ဇွန်လတွင် ပြောကြားခဲ့သည်။

“ထိုင်းနိုင်ငံအနေနှင့် တရုတ်ခရီးသွားများ အတွက် ခရီးသွားလာမှု အရည်အသွေးနှင့် လုံခြုံစိတ်ချရမှုအပြင် နိုင်ငံအပေါ် အပြုသဘောဆောင်သော အတွေ့အကြုံများကိုပါ အင်မတန်အလေးထားပါသည်။ ” ဟု တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံရုံး က လူမှုကွန်ရက်တစ်ခု ဖြစ်သည့် Weibo တွင် တရား၀င် ရေးသား ဖော်ပြခဲ့ပြီးနောက် Global Times မှ ပြီးခဲ့သည့် မတ်လအတွင်း အဆိုပါ သံရုံးအား အယ်ဒီတာ့အာဘော် ဆောင်းပါးတစ်စောင်ဖြင့် ချီးကျူးဂုဏ်ပြုခဲ့သေးသည်။

“ထိုင်းနိုင်ငံဟာ တရုတ်ခရီးသွားတွေကို ကောင်းကောင်းဂရုမစိုက်စရာ အကြောင်းပြချက်မရှိ” ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါ အယ်ဒီတာ့အာဘော်မှာ ယခင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ သည် ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနကို တရုတ်ပြည်တွင်းသုံး လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့နေသည့် လူကုန်ကူးမှု အပြင် ကိုယ်အင်္ဂါ ရောင်းဝယ်ဖောက်ကားမှု ဆိုင်ရာ စွပ်စွဲချက်များကို စစ်ဆေးရန် ညွှန်ကြားခဲ့မှုကို ကြည့်ခြင်းအားဖြင့် ထိုင်းနိုင်ငံ၏ တရုတ်ခရီးသွားများအပေါ် တန်ဖိုးထားပုံဆိုင်ရာ နမူနာအဖြစ် ထည့်သွင်းရေးသားခဲ့သည်။

ထို့အပြင် ‘အမျိုးသမီးများ လူကုန်ကူးခံရခြင်း’ အပြင် ‘ကျောက်ကပ်ရောင်းချခြင်း’ နှင့် ပတ်သက်သည့် ကြောက်မက်ဖွယ်ကောင်းသော ကောလာဟလများ ကို ထည့်သွင်းရေးသားထားသည့် ထင်ရှားသော အွန်လိုင်းဆောင်းပါးများ၏ ခေါင်းစဥ်များကို ပါ ဖော်ပြကာ ဤကဲ့သို့သော ဆောင်းပါးများသည် တရုတ်နိုင်ငံတွင်း အွန်လိုင်းအသုံးပြုသူ အများစု ထံမှ ၀ေဖန်ငြင်းဆိုမှုများ ပေါ်ထွက်စေကာ အချို့သော ဘလော့ဂါများက လူထုထံမှ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်ရန် ဇာတ်လမ်းအတုများ ရေးနေကြသည် ဟု ထင်ရကြောင်း Global Times က ရေးသားဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဆေထာ သာ၀ီဆင် က တရုတ်ခရီးသွားဦးရေ တိုးမြင့်လာစေရန် ထိုင်းအစိုးရ အနေနှင့် စီမံချက်များ ချမှတ်ဆောင်ရွက်သွားမည်ဟု ပြီးခဲ့သည့် သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဩဂုတ်လ ၁၁ ရက်နေ့ က တရုတ်ခရီးသွားများအတွက် ဗီဇာကန့်သတ်ချက်ကို ဖြေလျှော့ပေးခဲ့ကာ ဗီဇာခွင့်ပြုရန် လိုအပ်သည့်အချိန်ကို လျှော့ပေးခဲ့ပြီးနောက် ယခုလို ကတိကဝတ်ပြုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင်း လူကုန်ကူးသူများ၏ ခိုလှုံရာနေရာအဖြစ် အလေးပေး ပုံဖော်ခံရလေ့ရှိသည့် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများသည် ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ၎င်းတို့၏ တရုတ်ခရီးသွားများကို ဆွဲဆောင်ရန် စီမံချက်များကို အသီးသီး အကောင်အထည်ဖော်ခဲ့သည်။

သို့သော် အဆိုပါ ကြိုးပမ်းမှုများအပေါ် တရုတ်နိုင်ငံတွင်း အင်တာနက်သုံးစွဲသူတွေက လှောင်ပြောင်ခဲ့ကြသည်။ နေရပ်သို့ ဘေးကင်းစွာ ပြန်လာနိုင်ရေးကို စိုးရိမ်နေကြချိန်တွင် မြန်မာနိုင်ငံရှိ ခရီးသွားဗျူရိုနှင့် လက်တွဲကာ တရုတ် နိုင်ငံသားများအား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် အားပေးလုပ်ဆောင်ခဲ့သည့်အတွက် သက်ဆိုင်ရာ တရုတ် ဒေသခံအစိုးရ တရပ် အား TikTok ၏ တရုတ်ဗားရှင်း ၊ Douyin မှတဆင့် ပြစ်တင်ဝေဖန်မှုများပါ ရှိခဲ့သည်။

===================================================================

ဘာသာပြန် – ဒါလီ

Haven for scams: Hit movies further sour Chinese view of South-east Asia by Aw Cheng Wei, the Straits Times ဆောင်းပါး ကို ဘာသာပြန်ဆိုရေးသားသည်။