ထိုင်းတောင်ပိုင်းတွင် MOU မြန်မာလုပ်သား ၃၀ ဦးကို မြန်မာပွဲစားကရောင်းစား

0
1375

နှစ်နိုင်ငံသဘောတူစာချုပ်(MOU) စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၃၀ ဦးကို မြန်မာပွဲစားတစ်ဦးက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုသို့ ရောင်းစားခဲ့ကြောင်း WAG အလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်းနှင့် ကာယကံရှင် အလုပ်သမားများထံမှ သိရသည်။

မြန်မာအလုပ်သမားများကို Shwe Yadanar Phyo အေဂျင်စီက နှစ်နှစ်စာချုပ်ဖြင့် တာခ့်ခရိုင်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်ရန် ဇူလိုင်လ ၂၂ ရက်နေ့တွင် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

သို့သော်လည်း ထိုင်းနိုင်ငံသို့ရောက်လာသောအခါ အထက်ပါအေဂျင်စီက မြန်မာအလုပ်သမားများကို မမာလာဦးအမည်ရှိ မြန်မာပွဲစားတစ်ဦးသို့ လွှဲပေးခဲ့ပြီး စာချုပ်ပါလုပ်ငန်းခွင်မဟုတ်ဘဲ ထိုင်းတောင်ပိုင်း နခွန်စီထမရတ်ခရိုင်ရှိ CSN Environment and Engineering ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မြန်မာအလုပ်သမားများသည် CSN ဆောက်လုပ်ရေးလုပ်ငန်းထဲတွင် အချိန်တစ်လကျော်ကြာလုပ်ကိုင်ခဲ့ပြီး အလုပ်ချိန်ပုံမှန်မဆင်းရခြင်း၊ လုပ်အားခမရရှိခြင်း၊ နိုင်ငံကူးလက်မှတ်စာအုပ်များ သိမ်းဆည်းခံထားရခြင်းများ ကြုံတွေ့ခဲ့ရကြောင်း မြန်မာအလုပ်သမားများထံမှသိရသည်။

မြန်မာအလုပ်သမားများက လုပ်အားခများ ထုတ်ပေးရန် တောင်းဆိုရာမှ ၎င်းတို့ကို ဘတ် ၅၀၀၀ ဖြင့် မြန်မာပွဲစား မမာလာဦးက ရောင်းစားထားခဲ့သည်ကို သိရှိခဲ့ရကြောင်း မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ MOU နဲ့ ဝင်လာပြီးခါမှ ပတ်စ်ပိုစ့်သိမ်းခံရတယ်။ လုပ်အားခ ချေးငွေလည်း ထုတ်မပေးဘူး။ လူ ၃၀ လုံးစာ ပေးမဆင်းဘဲ ခွဲဆင်းခိုင်းတယ်။ ရွှေရတနာဖြိုး (မြန်မာအေဂျင်စီ) ကနေ မမာလာဦး (နောက်ပွဲစား) ဆီပို့တယ်။ တစ်ဆင့် CSN ကုမ္ပဏီကို လူတစ်ဦးကို ၅၀၀၀ နှုန်းနဲ့ ရောင်းစားသွားတယ်” ဟု MOU မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

မြန်မာအလုပ်သမား ၃၀ ဦးသည် လုပ်ငန်းခွင်ရောက်သည်နှင့် နိုင်ငံကူးလက်မှတ်စာအုပ်များ သိမ်းဆည်းခံခဲ့ရပြီး အချိန်တစ်လကြာပြီးနောက် လုပ်အားခတောင်းခံမှသာ ရောင်းစားခံထားရသည်ကို အလုပ်ရှင်က ပြောပြသဖြင့် သိရှိခဲ့ရကြောင်း ၎င်းကဆိုသည်။

သိမ်းဆည်းထားသော နိုင်ငံကူးလက်မှတ်နှင့် စာရွက်စာတမ်းများ ပြန်ပေးရန် တောင်းခံရာတွင်လည်း တစ်ဦးလျှင် ဘတ် ၁၃၀၀၀ စီပေးမှသာ ပြန်လည်ထုတ်ပေးမည်ဟု အလုပ်ရှင်ဘက်က ပြောကြားခဲ့ကြောင်း အလုပ်သမားများက ဆိုသည်။

အဆိုပါလုပ်ငန်းခွင်တွင် အလုပ်သမားများ တစ်ရက်ခြား အသုတ်လိုက်ခွဲဆင်းထားသဖြင့် လုပ်အားခ ၁၅ ရက်စာစီခန့် လုပ်အားခမရသေးပဲ ရှိနေကြောင်း အလုပ်သမားများက ဆိုသည်။

အလုပ်သမားများသည် အချိန်ကြာလာသည်နှင့်အမျှ စားစရိတ်အခက်အခဲများရှိလာသဖြင့် လုပ်အားခများထုတ်ပေးရန် တောင်းဆိုခဲ့သော်လည်း အလုပ်ရှင်က ထုတ်မပေးခဲ့ကြောင်း မြန်မာအလုပ်သမားများက ဆိုသည်။

မြန်မာအလုပ်သမားများကို တစ်ဦးလျှင် ဘတ် ၅၀၀၀ ဖြင့် လုပ်ငန်းခွင်ထဲ ရောင်းစားသွားခဲ့သော မမာလာဦးအမည်ရှိ မြန်မာပွဲစားကို Dawei Watch က ဖုန်းအကြိမ်ကြိမ်ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်လက်ခံဖြေကြားခြင်းမရှိပေ။

လက်ရှိအချိန်တွင် မြန်မာအလုပ်သမားများသည် အလုပ်မဆင်းဘဲ နေထိုင်နေသည်မှာ ၅ ရက်ရှိပြီဖြစ်ပြီး အစားအသောက်နှင့်‌ နေရေးထိုင်ရေးအတွက် အခက်အခဲများစွာရှိလာသဖြင့် WAG အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့သို့ အကူအညီတောင်းခံခဲ့ကြောင်း အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ပြောကြားခဲ့သည်။

“ကလေးတွေက စာအုပ်တွေလည်း အသိမ်းခံထိထားတယ်။ ပိုက်ဆံတွေ လုပ်အားခတွေလည်းမပေးလို့ အဖွဲ့ကို တိုင်လာတယ်” ဟု ၎င်းကဆိုသည်။

လုပ်ငန်းခွင်ထဲ အခက်အခဲဖြစ်ပေါ်နေသော မြန်မာအလုပ်သမား ၃၀ ဦးကို ဖြေရှင်းပေးရန် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံမှ တရားဝင် MOU စနစ်ဖြင့် တက်လာမည့် အလုပ်သမားများသည် တရားဝင် မြန်မာအေဂျင်စီများကို သေသေချာချာ စုံစမ်းစစ်ဆေးပြီးမှသာ ထိုင်းသို့ ဝင်ရောက်စေလိုပြီး အကယ်၍ လိမ်ညာပို့ဆောင်နေသော ပွဲစားများနှင့် တွေ့ရပါကာ ယခုကဲ့သို့ အခက်အခဲ ဒုက္ခများ ကြုံတွေ့ရနိုင်ကြောင်း မြန်မာအလုပ်သမားများကဆိုသည်။