တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1292

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၁၉ ရက်နေ့မှ ဩဂုတ်လ ၂၅ ရက်နေ့အထိ

ပါကစ္စတန်တွင် ကားတိုက်မှုကြောင့် အနည်းဆုံး ၂၀ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ထဲက အဝေးပြေးလမ်းဘေးမှာ ရပ်ထားတဲ့ ဗန်ကားတစ်စီးကို ဘတ်စ်ကားတစ်စီးက ဝင်တိုက်ခဲ့ပြီး မီးလောင်ခဲ့ပါတယ်။

ကားတိုက်မှုကြောင့် အနည်းဆုံးလူ ၂၀ ဦး သေဆုံးကာ ၁၁ ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဩဂုတ်လ ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ခရီးသည် ၄၀ ကျော်တင်လာတဲ့ ဘတ်စ်ကားက အဝေးပြေးလမ်းမဘေးမှာ ရပ်ထားတဲ့ ဗန်ကားကို ဝင်တိုက်မိခဲ့တာပါ။

ဗန်ကားဟာ ဆီထည့်တဲ့ စည်ပိုင်းတွေ သယ်လာခဲ့လို့ ဘတ်စ်ကားကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။

ကယ်တင်ခံရတဲ့သူတွေဟာ မီးလောင်မှုဒဏ်ကို ခံထားကြရတာပါ။

တခြား ခရီးသည်တွေကတော့ ပြတင်းပေါက်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်။

Ref: ABC News

………………………………..

အီကွေဒေါရွေးကောက်ပွဲ လုံခြုံရေး သိန်းချီချ၍ ကျင်းပ

တောင်အမေရိကတိုက် အီကွေဒေါနိုင်ငံက ရွေးကောက်ပွဲကို ဩဂုတ်လ ၂၀ ရက်နေ့က ရဲနဲ့စစ်သား တစ်သိန်းကျော်လုံခြုံရေးယူ၍ ကျင်းပခဲ့ပါတယ်။

ဒီရွေးကောက်ပွဲမတိုင်မီမှာ ဩဂုတ်လ ၉ ရက်နေ့တုန်းက မဲဆွယ်စည်းရုံးရေးဆင်းလာတဲ့ သမ္မတလောင်း ဖာနန်ဒို ဟာ လုပ်ကြံခံခဲ့ရတာပါ။

သူဟာ ဒီနှစ်အတွင်း လုပ်ကြံခံရတဲ့ တတိယမြောက်နိုင်ငံရေးသမားတစ်ဦး ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံထဲ အရင်တုန်းက အခြေအနေနဲ့ မတူတဲ့ အကြမ်းဖက်မှုတွေကို ကြုံခဲ့ကြရပါတယ်။

ဒါကြောင့် အကြမ်းဖက်တာကို စိုးရိမ်တဲ့ တစ်ချို့ပြည်သူတွေကတော့ အိမ်ကနေ ထွက်ပြီး မဲမပေးခဲ့ကြပါဘူး။

သမ္မတ Guillermo Lasso က သူ့ကို လွှတ်တော်အမတ်တွေကနေ ရေနံတင်ပို့မှုနဲ့ပက်သက်ပြီး စွပ်စွဲခဲ့လို့ မေလမှာ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် ရွေးကောက်ပွဲကို ပြန်ကျင်းပခဲ့တာဖြစ်ပါတယ်။

Ref: The Guardian

………………………………..

အိမ်ခြံမြေလုပ်ငန်းရှင် စေထာ ထာဝီဆင် က ထိုင်းဝန်ကြီးချုပ်ဖြစ်လာ

အိမ်ခြံမြေလုပ်ငန်းရှင်သူဋ္ဌေး စေထာ ထာဝီဆင် (Srettha Thavisin) က ထိုင်းနိုင်ငံရဲ့ ၃၀ ဦးမြောက် ဝန်ကြီးချုပ်အသစ် ဖြစ်လာခဲ့ပါတယ်။

ဖွေထိုင်းပါတီဦးဆောင်ဖွဲ့စည်းထားတဲ့ ညွန့်ပေါင်းအဖွဲ့က ဩဂုတ်လ ၂၂ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ စေထာကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့တာပါ။

စေထာက လွှတ်တော်ထဲ ထောက်ခံမဲ ၄၀၀ ကျော်ရရှိပြီး အနိုင်ရရှိသွားခဲ့ပါတယ်။

သူအနိုင်ရရှိဖို့ ဖွေထိုင်းပါတီက ရွေးကောက်ပွဲကတိတွေ ဖျက်ပြီး စစ်တပ်ပါတီများဖြစ်တဲ့ ပရာယွတ်ပါတီနဲ့ ပရာဝိတ်ပါတီတို့နဲ့ ပူးပေါင်းခဲ့ပါတယ်။

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကတော့ ပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး အတိုက်အခံပါတီဘက် ကူးပြောင်းသွားခဲ့ပါတယ်။

Ref: Nikkei Asia

………………………………..

ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ဟွန်မနက်ကို လွှတ်တော် ထောက်ခံ

ကမ္ဘောဒီးယားမှာ ပဒေသရာဇ်ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ သားဖြစ်သူ ဟွန်မနက်ကို ကမ္ဘောဒီးယားလွှတ်တော်က ဩဂုတ်လ ၂၂ ရက်နေ့မှာ ရွေးကောက်တင်မြှောက်လိုက်ပါတယ်။

ဆယ်စုနှစ် ၄ ခုနီးပါး အာဏာရယူခဲ့တဲ့ ဟွန်ဆန်က ရာထူးမှ နုတ်ထွက်ခဲ့ပြီး အသက် ၄၅ နှစ်အရွယ် သားဖြစ်သူကို အာဏာလွှဲပေးခဲ့တာပါ။

တဖက်မှာလည်း အဓိက အတိုက်အခံပါတီကို ရွေးကောက်ပွဲဝင်ဖို့ ပိတ်ပင်ခဲ့ပြီး ဖမ်းဆီးထောင်ချခဲ့တဲ့အတွက် ဝေဖန်မှုတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။

ဟွန်မနက်ဟာ အမေရိကန်အခြေစိုက် ဝက်စ်ပွိုင့်စစ်တက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်ပြီး ယူကေနဲ့ အမေရိကန်မှာ အဆင့်မြင့်ပညာသင်ကြားခဲ့သူဖြစ်ပါတယ်။

ဝန်ကြီးအဖွဲ့တွေမှာလည်း ဟွန်ဆန်က ဆွေမျိုးတွေ ခန့်ထားတဲ့အတွက် ဟွန်မနက်ရဲ့ အစိုးရအဖွဲ့ဟာ ဟွန်ဆန်ထိန်းချုပ်မှုအောက်မှာပဲ့ကျန်ရှိနေအုံးမယ်လို့ ခန့်မှန်းနေကြပါတယ်။

Ref: REUTERS

………………………………..

အာဏာသိမ်း နိုင်ဂျာနိုင်ငံကို အာဖရိကသမဂ္ဂအဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့

အာဖရိကနိုင်ငံများသမဂ္ဂက စစ်အာဏာသိမ်းထားတဲ့နိုင်ဂျာနိုင်ငံကို အဖွဲ့ဝင်အဖြစ်က ခေတ္တ ရပ်ဆိုင်းထားလိုက်ပါတယ်။

အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာဖရိကသမဂ္ဂက နိုင်ဂျာနိုင်ငံကို အာဏာပြန်မပေးမချင်း အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဇူလိုင်လ ၂၆ ရက်က သမ္မတ မိုဟာမက် ဘဇွန်း (Mohamed Bazoum) ကို အာဏာသိမ်းပြီး ဖြုတ်ချလိုက်တာပါ။

စစ်တပ်က အာဏာသိမ်းရတာဟာ သူပုန်တွေကို သမ္မတ Bazoum က နှိမ်နင်းဖို့ ပျက်ကွက်တာကြောင့်လို့ အကြောင်းပြထားပါတယ်။

အနောက်အာဖရိကနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ECOWAS) က နိုင်ဂျာနိုင်ငံကို ပိတ်ဆို့အရေးယူလိုက်ပြီး စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့လည်း ဆုံးဖြတ်ထားတယ်လို့ ကြေညာထားပါတယ်။

သံတမန်ရေး ကြိုးပမ်းချက်တွေ မအောင်မြင်တဲ့အဆုံး အဲဒီလို စစ်ရေးနည်းလမ်းကိုသုံးမယ်လို့ ထပ်လောင်းပြောကြားခဲ့တာပါ။

Ref: CNN

………………………………..

လတောင်ဝင်ရိုးစွန်းကို အိန္ဒိယအာကာသယာဉ် အောင်မြင်စွာဆင်းသက်

အိန္ဒိယအာကာသယာဥ်ဟာ လကမ္ဘာရဲ့ တောင်ဘက်ဝင်ရိုးစွန်းဒေသ မျက်နှာပြင်ကို ဩဂုတ်လ ၂၃ ရက်နေ့က အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။

ယခင်က မလေ့လာရသေးတဲ့ လမျက်နှာပြင်ရဲ့ တောင်ဝင်ရိုးစွန်းပေါ်က အစိတ်အပိုင်းတွေကို လေ့လာနိုင်တော့မှာပါ။

လရဲ့ တောင်ဝင်ရိုးစွန်းက မြေပြင်ပေါ်ကို ယခင်က တခြားဘယ်နိုင်ငံကမှ ဆင်းသက်နိုင်ခြင်းမရှိသေးပါဘူး။

တောင်ဝင်ရိုးစွန်းကို ဦးတည်တဲ့ ရုရှားရဲ့ လူနာ-၂၅ အာကာသယာဥ်ကလည်း ပျက်ကျခဲ့ပါတယ်။

ဒီအာကာသယာဉ်က လပေါ်ကကျောက်ဆောင်တွေနဲ့ သတ္တုဓာတ် တည်ရှိနေမှုကို လေ့လာမှာဖြစ်သလို တောင်ဝင်ရိုးစွန်းရဲ့ မြေမျက်နှာသွင်ပြင်ကို လေ့လာမှာ ဖြစ်ပါတယ်။

Ref: DW

………………………………..

တရုတ်တွင် စီးပွားရေးအဆောက်အဦး မီးလောင်

တရုတ်နိုင်ငံ မြောက်ပိုင်းကမ်းရိုးတန်းမြို့ဖြစ်တဲ့ ထန်ကျင်းမြို့ရဲ့ စီးပွားရေးလုပ်ငန်းတွေရှိရာ အဆောက်အဦးတစ်ခု ဩဂုတ်လ ၂၂ ရက်နေ့က မီးလောင်ကျွမ်းခဲ့ပါတယ်။

အဆိုပါအဆောက်အဦးက အထပ် ၂၆ ထပ် မြင့်မားပြီး ဘေးဘက်မှာ လောင်ကျွမ်းနေတာကို ဗီဒီယိုမှတ်တမ်းအရ သိရပါတယ်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့သူမရှိဘူးလို့ ဆိုထားပါတယ်။

မီးလောင်မှုကို မီးသတ်ရုံး ၂၃ ရုံးက မီးသတ်သမား ၃၀၀ နီးပါးက မီးသတ်ကား စီး ၆၀ ကျော်နဲ့ ငြိမ်းသတ်ခဲ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref: BBC

………………………………..

ရုရှားဂျက်လေယာဉ်ပျက်ကျမှု Wagner ခေါင်းဆောင်ပါဝင်

ရုရှားဂျက်လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ ၁၀ ဦးထဲ ရုရှားကြေးစားလက်နက်ကိုင်တပ်ဖွဲ့ Wagner ခေါင်းဆောင် Yevgeny Prigozhin ပါဝင်ခဲ့ပါတယ်။

လေယာဉ်ပျက်ကျရာနေရာကို ရဲတွေက လုံခြုံရေးယူထားပြီး စုံစမ်းစစ်ဆေးနေဆဲပါ။

လေယာဉ်မှူး ၃ ဦးနဲ့ ခရီးသည် ၇ ဦး လိုက်ပါလာတဲ့ လေယာဉ်ဟာ မော်စကိုမြို့တော်ကနေ စိန့်ပီတာစဘတ်ကို ပျံသန်းနေတုန်း ဩဂုတ်လ ၂၃ ရက်နေ့က ပျက်ကျခဲ့ပါတယ်။

ရုရှားကြေးစားလက်နက်ကိုင်တပ်ဖွဲ့Wagner အဖွဲ့က လွန်ခဲ့တဲ့ ဇွန်လက ရုရှားနိုင်ငံ မော်စကိုမြို့ကို ချီတက်သိမ်းပိုက်ဖို့ စစ်တပ်ကို တန်ပြန်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ဂျပန်နျူကလီးယားစက်ရုံက ရေဒီယိုသတ္တုကြွရေတွေ ပင်လယ်ပြင်မှာ စတင်စွန့်ပစ်

ဆူနာမီ ရေလှိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ ဂျပန်နိုင်ငံ Fukushima Daiichi နျူကလီးယား ဓါတ်ပေါင်းဖိုကနေ သန့်စင်ပြီးသား ရေဒီယိုသတ္တိကြွရေတွေ ပစိဖိတ် သမုဒ္ဒရာထဲ ဩဂုတ်လ ၂၄ ရက်နေ့က စတင်ထုတ်လွှတ်ခဲ့ပါတယ်။

ဒီလို ရေဒီယိုသတ္တိကြွရေတွေ သမုဒ္ဒရာထဲထုတ်လွှတ်ဖို့ အစီအစဉ်ကို ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားက ငါးဖမ်းသမားတွေ အပါအဝင် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ကန့်ကွက်ခဲ့ကြတာပါ။

ဂျပန်အစိုးရနဲ့ TEPCO ကုမ္ပဏီက ရေဒီယိုသတ္တိကြွရေတွေ မတော်တဆ ယိုစိမ့်မှုကနေကာကွယ်ဖို့ ရေတွေကို စံချိန်စံညွှန်းတွေနဲ့ အညီ စနစ်တကျထုတ်လွှတ်ပေးဖို့လိုတယ်လို့ ညှိနှိုင်းခဲ့ပါတယ်။

နိုင်ငံပေါင်း ၁၁ နိုင်ငံက ကျွမ်းကျင်သူတွေက ၂ နှစ်ကြာ လေ့လာ သုံးသပ်ပြီးမှ သန့်စင်ပြီးသား ရေဒီယိုသတ္တိကြွရေတွေကို ပင်လယ်ထဲ ထုတ်လွှတ်ခဲ့တာဖြစ်ပါတယ်။

အခုလို ထုတ်လွှတ်ခဲ့ပြီးတာနဲ့ တရုတ်က ဂျပန်နိုင်ငံရဲ့ ပင်လယ်စာအားလုံးကို ပိတ်ဆို့ခဲ့ပါတယ်။

Ref: REUTERS

………………………………..

အတင်းအကျပ်နမ်းခဲ့လို့ နုတ်ထွက်ဖို့ ဖိအားပေးခံနေရတဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ က ငြင်းဆိုထား

အမျိုးသမီး ကမ္ဘာဖလားချန်ပီယံ စပိန်အသင်းသူ ဂျနီဖာ ဟာမိုဆို ကို ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ဆုပေးပွဲမှာ နှုတ်ခမ်းကိုအတင်းအကျပ်နမ်းခဲ့လို့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Luis Rubiales ဟာ နုတ်ထွက်ဖို့ ဖိအားပေးခံနေရပါတယ်။

ဒါပေမဲ့လည်း ဩဂုတ်လ ၂၅ ရက်နေ့မှာပြုလုပ်တဲ့ အစည်းအဝေးမှာ သူက နုတ်ထွက်မှာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဒီဖြစ်စဉ်အတွက် သူက တောင်းပန်ခဲ့ပေမဲ့ သူ့အပေါ်ဝေဖန်ကြသူတွေဟာ မိုက်မဲတဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ကြပါတယ်။

နောက် သူ့ကို ရာထူးကထုတ်ပယ်ဖို့ နိုင်ငံရေးသမားတွေ၊ ဘောလုံးသမားတွေနဲ့ စပိန် ကလပ်အသင်းတစ်ချို့တောင်းဆိုခဲ့ပါတယ်။

ဒီဖြစ်စဉ်အပေါ် ကမ္ဘာ့ဖလားအဖွဲ့ချုပ်ကလည်း အရေးယူမယ်လို့ ကြေညာထားပြီး အထူးအစည်းအဝေးခေါ်ယူသွားမည်လို့ ကြေညာထားပါတယ်။

Ref: CNN

………………………………..