စစ်ကောင်စီတပ်က ဘန်လောရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်

0
1638

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာဖက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲမရှိဘဲ ဩဂုတ်လ ၂၄ရက် ည ၈ နာရီခန့်မှ ည ၁၀ နာရီကျော်အထိ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခဲ့သလို ယနေ့ ဩဂုတ်လ ၂၅ရက် နံနက် ၁၁ နာရီကလည်း ထပ်မံပစ်ခတ်ကြောင်း ဒေသခံများက ဆိုသည်။

“ဘန်လောလမ်းဆုံမှာ လာကျနေတယ်။ အထိအခိုက်တော့ သေချာမသိရသေးဘူး။ လက်ရှိတော့ ငြိမ်သွားပြီ။ ဘယ်အချိန် ထပ်ပစ်ဦးမလည်း မသိဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ မွန်းလွဲပိုင်းတွင် ပြောဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် ဩဂုတ်လ ၂၄ရက်ညတွင် ပြည်သူ့ကာကွယ်ရေးတပ်က ဘန်လောကျေးရွာတံတားရှိ စဝ်ကောင်စီဂိတ်ကို သွားရောက်ပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က တနင်္သာရီမြို့ဖက်မှ လက်နက်ကြီးအပြင် စစ်သေနတ်ကြီးဖြင့်လည်း ပစ်ခတ်ခဲ့ကြေင်း ဒေသခံများကဆိုသည်။

လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဘန်လောရွာဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးနေရကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကောင်စီတပ်က ဘန်းလမွတ်၊ အရှေ့မော်တုန်းနှင့် ထုံခါ-မောတောင်လမ်း သိန်ခွန်းကျေးရွာအုပ်စုဖက်သို့ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲဖြစ်မည်စိုးရိမ်ပြီး ရွာသားများ ထွက်ပြေးနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။