ထိုင်းတွင် Facebook ကို ပိတ်ပင်ရန် ကြိုးပမ်း

0
1906

ထိုင်းနိုင်ငံတွင် လူသုံးများသည့် လူမှုကွန်ရက်တစ်ခုဖြစ်သော Facebook ကို ပိတ်ပစ်ရန်အတွက် ယခုလကုန်တွင် တရားရုံးချုပ်ထံမှ အမိန့်တောင်းခံသွားမည်ဖြစ်ကြောင်း ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးက ပြောသည်။

လူအများအတွက် အန္တရာယ်ကြီးကြီးမားမားပေးနိုင်သော လိမ်ညာကြော်ငြာများကို ပိတ်ပင်ရန် ပျက်ကွက်နေခဲ့သဖြင့် Facebook ဝန်ဆောင်မှုကို နိုင်ငံအတွင်း ပိတ်သိမ်းရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ဝန်ကြီးက ဩဂုတ်လ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

လိမ်ညာနေသည့် ကြော်ငြာများကို ပိတ်ပစ်ရန် ဝန်ကြီးဌာနအနေဖြင့် Facebook ထံသို့ အသိပေး တောင်းဆိုခဲ့သော်လည်း ဖြစ်မလာခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။

ထို့ကြောင့် ခုနစ်ရက်အတွင်း ထိုင်းနိုင်ငံအတွင်း Facebook ဝန်ဆောင်မှုများကို ပိတ်ပစ်ရန်အမိန့်ကို တရားရုံးဆီက ယခုလကုန်တွင် တောင်းခံသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

Facebook အနေဖြင့် ထိုင်းနိုင်ငံတွင် စီးပွားရေးဆက်လုပ်ရန် ဆန္ဒရှိပါက ယခုဖြစ်ရပ်များအတွက် ပို၍တာဝန်ယူပေး ရမည်ဖြစ်ပြီး အဆိုပါကြော်ငြာများကို ဆက်လက်ခွင့်ပြုထားပါက ဝန်ဆောင်မှု ဆက်မပေးနိုင်တော့ကြောင်း ၎င်းက ပြောဆိုသည်။

Facebook ပေါ်က လိမ်ညာကြော်ငြာများသည် နာမည်ကြီးပုဂ္ဂိုလ်များနှင့် ဆွဲဆောင်၍ ထိုင်းနိုင်ငံ၏ လုံခြုံရေးနှင့် ငွေကြေးလဲလှယ်ရေးကော်မရှင်၏ အမှတ်တံဆိပ်များပြသကာ ၎င်းတို့ထံ လာရောက်ရင်းနှီးမြုပ်နှံကြရန် လိမ်လည် ဖိတ်ခေါ်နေခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

Facebook ပေါ်က လိမ်ညာကြော်ငြာများကြောင့် ထိုင်းပြည်သူ နှစ်သိန်းကျော်အထိ နစ်နာမှုများ ကြုံတွေ့နေခဲ့ကြပြီး ဆုံးရှုံးမှု ဘတ် ၁၀၀ ဘီလီယံအထိ ရှိနေခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုကိစ္စနှင့်ပက်သက်၍ Facebook ကုမ္ပဏီဖြစ်သော META က ချက်ချင်းအကြောင်းပြန်ခဲ့ခြင်း မရှိသေးပေ။

Ref: Bangkok Post, Thai PBS News, REUTERS