ကိုဗစ်ထပ်တိုးကာကွယ်ဆေးများ ထိုးနှံကြရန် ပြည်သူများကို အမေရိကန်အစိုးရ တိုက်တွန်း

0
1200

အမေရိကတွင် ယခုဆောင်းဦးကာလအတွင်း ကူးစက်မှုလှိုင်းသစ်ကို တန်ပြန်ခုခံနိုင်ရန် ပြည်သူအားလုံး ကိုဗစ်-၁၉ ဆိုင်ရာ ထပ်တိုးကာကွယ်ဆေးများ ထိုးနှံကြရေး ကို သမ္မတ ဂျိုးဘိုင်ဒန် ဦးဆောင်သည့် အစိုးရအနေနှင့် တိုက်တွန်းသွားမည် ဖြစ်ကြောင်း အိမ်ဖြူတော် ဆိုင်ရာ အကြီးတန်းအရာရှိ တစ်ဦး က ပြောကြားခဲ့သည်။

ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန အနေနှင့် နိုင်ငံတွင်း ရောဂါပိုး ကူးစက်မှုနှင့် ဆေးရုံတက်ရောက်မှုများ တိုးမြင့်လာမှုကို တင်ပြထားကြောင်း အဆိုပါ အရာရှိ က ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ကုမ္ပဏီ တစ်ခု ဖြစ်သည့် Moderna ၏ ကနဦးအချက်အလက်များအရ ၎င်း၏မွမ်းမံအဆင့်မြှင့်ထားသော ကာကွယ်ဆေးသည် လူသားများတွင် တွေ့ရှိရနိုင်သည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ  Eris နှင့် Fornax ရောဂါပိုး မျိုးကွဲများကို ထိရောက်စွာ တိုက်ဖျက်နိုင်ခဲ့ကြောင်း  ဩဂုတ်လ ၁၇ ရက်နေ့တွင် ပြသခဲ့သည်။

Moderna အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်သည့် အခြားသော ကုမ္ပဏီများ ဖြစ်သော Novavax နှင့် Pfizer-BioNTech တို့သည် မျိုးကွဲရောဂါပိုး XBB.1.5 အတွက် ရည်ရွယ်ကာ မွမ်းမံကာကွယ်ဆေးများကို ဖန်တီးခဲ့ကြသည်။

အမေရိကန်နှင့် ဥရောပရှိ ကျန်းမာရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှ အတည်ပြုချက် ရရှိရန် စောင့်ဆိုင်းနေစဉ် အတွင်း ၎င်းကုမ္ပဏီများသည် လာမည့် ဆောင်းဦးကာလ ကာကွယ်ဆေးထိုးရာသီအတွက် အဆိုပါ ထပ်တိုးကာကွယ်ဆေးများ ထိုးနှံခွင့်ကို  များမကြာမီ သီတင်းပတ်များအတွင်း ရနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

“တုပ်ကွေးကာကွယ်ဆေး နဲ့ RSV ကာကွယ်ဆေးတွေအပြင် အဲဒီ (ကိုဗစ်-၁၉ဆိုင်ရာ) ထပ်တိုးကာကွယ်ဆေးတွေ ထိုးနှံကြဖို့ အမေရိကန်တွေ အားလုံးကို ကျွန်တော်တို့ တိုက်တွန်း နှိုးဆော် ပေးသွားမှာပါ” ဟု ၎င်းအရာရှိက ပြောကြားခဲ့သည်။

Reference

●       Reuters

●       The Straits Times