ဟွန်ဆန်သား ဟွန်မနက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ဘုရင်ကအတည်ပြု

0
1634

နှစ် ၄၀ နီးပါအာဏာချုပ်ကိုင်လာခဲ့သော ဟွန်ဆန်က သူ၏သားဖြစ်သူ ဟွန်မနက်ကို အာဏာလွှဲပေးရန် ဝန်ကြီးချုပ်အဖြစ် တင်သွင်းထားသည့်အပေါ် ကမ္ဘောဒီယားဘုရင်က အတည်ပြုလက်ခံပေးလိုက်ကြောင်း ယနေ့ (ဩဂုတ် ၇) တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သားဖြစ်သူ ဟွန်မနက်ကို အာဏာလွှဲပေးလိုက်မှုသည် ကမ္ဘောဒီးယားနိုင်ငံကို ဟွန်ဆန်က ၃၈ နှစ်ကြာ ပဒေသရာဇ်ဆန်ဆန် အုပ်ချုပ်ခဲ့မှု အဆုံးသတ်ပြီဖြစ်သည်။

သို့သော် ဆွေစဉ်မျိုးဆက် အာဏာဆက်ကိုင်ထားရန် ရည်ရွယ်လုပ်ဆောင်ခဲ့မှုများအပေါ် အတိုက်အခံများက ထောက်ပြနေကြသည်။

ဝန်ကြီးချုပ်ဖြစ်လာမည့် အသက် ၄၅ နှစ်အရွယ် ဟွန်မနက်သည် ဟွန်ဆန်၏ သားအကြီးဆုံးဖြစ်ပြီး အနောက်နိုင်ငံများဖြစ်သော အမေရိကန်နှင့် ဗြိတိန်နိုင်ငံများတွင် စစ်ပညာ၊ စီးပွားရေးပညာများနှင့်ဆိုင်သော အဆင့်မြင့်ပညာများ သင်ကြားခဲ့သူတစ်ဦးဖြစ်သည်။

သူသည် အမေရိကန် West Point စစ်တက္ကသိုလ်မှ ဘွဲ့ရရှိထားသူဖြစ်ပြီး ကမ္ဘောဒီယားနိုင်ငံ၏ ဒုတိယစစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ဟွန်မနက်၏ နိုင်ငံရေးအမြင်နှင့် ပတ်သက်၍ အနည်းငယ်သာ ထုတ်ဖော်ပြောကြားထားပြီး ရွေးကောက်ပွဲတွင် မြို့တော်ဖနွမ်းပင်မှ အနိုင်ရရှိထားသူ ဖြစ်သည်။

ဟွန်မနက် ဝန်ကြီးချုပ်ဖြစ်ရန်အတွက် ယခုလအတွင်းကျင်းပမည့် လွှတ်တော်အစည်းအဝေးအသစ်တွင် သဘောတူထောက်ခံချက် လိုအပ်နေသေးသည်။

ပြီးခဲ့သောဇူလိုင်လတွင် အတိုက်အခံများကို ဖယ်ရှားကာ ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ဟွန်ဆန်၏ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က အမတ်နေရာ ၁၂၅ နေရာတွင် ၁၂၀ နေရာ အနိုင်ရရှိထားသည်။

Ref: REUTERS, CNA