ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်းသုံးသပ်ချက်

0
2122

နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် ယခုအပတ်လည်း ရွှေဈေးကို တိတိကျကျ ဈေးမဖွင့်နိုင်သေးဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေခဲ့သည်။

ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း အတက်ဈေးတွင် ဆက်ရှိနေသည်။

ထို့ကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

အပြောင်းအလဲမြန်သည့်ရွှေဈေး

နှစ်သောင်းတန်ငွေစက္ကူအသစ်ထုတ်မည်ဟု စစ်ကောင်စီက ကြေညာလိုက်သည့် ဇူလိုင်လ ၂၃ ရက် (တနင်္ဂနွေနေ့) မှစတင်ကာ ရွှေဈေးမဖွင့်တော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေသည်မှာ ရက်သတ္တပတ်နှစ်ပတ်နီးပါးကြာလာသည်။

ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅ သိန်းနှင့် ၃၆ သိန်းကြား ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေပြီး အချိန်နာရီအလိုက် ဈေးအတက်အကျဖြစ်နေခဲ့သည်။

ဩဂုတ်လ ၄ ရက် (သောကြာနေ့) မူ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ငါးသိန်းနှစ်သောင်းဖြင့် ဈေးစဖွင့်ခဲ့သည်။ သို့သော် အချိန်တိုင်း ဈေးအပြောင်းအလဲ ဖြစ်နေခဲ့သည်။

ဇူလိုင်လ ၂၃ ရက်နေ့မှစကာ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေရာမှ ၁၂ ရက်အကြာတွင် ဈေးဖွင့်လာခြင်းဖြစ်သည်။

ဈေးမငြိမ်သည့် ဘတ်ဈေး

ထိုင်းဘတ်ဈေးလည်း အတက်အကျမငြိမ်ဘဲ အချိန်နာရီအလိုက် ဈေးအပြောင်းအလဲများနေခဲ့သည်။

ထိုင်းငွေတစ်ဘတ်လျှင် ၉၅ ကျပ်နှင့် ၉၆ ကျပ်စွန်းစွန်းအကြား ဈေးအတက်အကျ နေ့တိုင်းဖြစ်နေသည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၀၄၂ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အပြောင်းအလဲများသည့် ဓာတ်ဆီဈေး

ယခုအပတ်တွင် ဓာတ်ဆီဈေးလည်း ဈေးမငြိမ်ဘဲ နေ့တိုင်းအပြောင်းအလဲများနေခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၂၀၀ ကျပ် မှ ၂၃၂၅ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၅၉၀ ကျပ်မှ ၃၂၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ် ရွှေဈေးမှာ ဈေးမငြိမ်ဘဲ အချိန်လိုက်အပြောင်းအလဲများနေဦးမည်ဟု ခန့်မှန်းရသည်။

ရန်ကုန်ရွှေဈေးကွက်တွင် ရွှေဒိုင်နှင့် ရွှေဆိုင်များက အရောင်းကန့်သတ်ထားခြင်းနှင့် ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြစ်နေခြင်း၊ ကျပ်ငွေတန်ဖိုးဆက်ကျနေခြင်း စသည့် အကြောင်းအရင်းများကြောင့် အပြောင်းအလဲ များနေမည် ဖြစ်သည်။

လက်ရှိကမ္ဘာ့ရွှေဈေးကလည်း အတက်အကျများနေပြီး ဩဂုတ်လ ၅ ရက်နေ့တွင် တစ်အောင်စလျှင် ၁၉၄၃ ဒေါ်လာပေါက်ဈေးရှိသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၁၉၅၉ ဒေါ်လာပေါက်ဈေးရှိသည်။

ထိုင်းဘတ်ဈေးလည်း ငွေစက္ကူဂယက်ကြောင့် ဈေးမငြိမ်ဘဲ အပြောင်းအလဲများနေမည်ဖြစ်သည်။

ပြည်တွင်းရွှေဈေး၊ နှစ်နိုင်ငံ နိုင်ငံရေးအခြေအနေ၊ ကုန်သွယ်ရေး စသည့်အချက်များ အပေါ် မှီတည်နေရာ လာမည့်အပတ်တွင်လည်း အတက်ဈေးတွင် မတည်မငြိမ် ဈေးဖွင့်နေမည်ဖြစ်သည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေသည့်အပြင် ဒေါ်လာငွေလဲနှုန်းကလည်း အမြင့်ဈေးတွင် ဆက်ရှိနေသည်။

လက်ရှိ အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် သုံးထောင်နှစ်ရာကျပ်အထက်တွင် ဈေးပေါက်နေသည်။

လာမည့်အပတ်စက်သုံးဆီဈေးမှာ တစ်လီတာလျှင် ကျပ်နှစ်ထောင်အထက်တွင် ဆက်ရှိနေနိုင်ကြောင်း ခန့်မှန်းရသည်။