ထိုင်းတောင်ပိုင်းတွင် ကားတိမ်းမှောက်၊ မြန်မာလုပ်သား ၆ ဦးသေဆုံးပြီး ၁၄ဦးဒဏ်ရာရ

0
1885

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းသို့သွားသည့် ကားတစ်စီး ယနေ့ ဩဂုတ်လ ၆ရက် နံနက်ပိုင်းတွင် တိမ်းမှောက်သဖြင့် မြန်မာအလုပ်သမား ခြောက်ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရ ကြောင်း အခင်းဖြစ်ရာသို့ သွားရောက်ကူညီသူအချို့ထံမှ သိရသည်။

ကားသည် တောင်ဆင်းတစ်နေရာတွင် လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်၍ တိမ်းမှောက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ကားပေါ်တွင် မြန်မာအလုပ်သမား ၂၀ ဦးနှင့် ထိုင်းနိုင်ငံသား ကားသမားတစ်ဦး လိုက်ပါလာခဲ့ပြီး ကားတိမ်း မှောက်သောနေရာတွင် မြန်မာအလုပ်သမား သုံးဦးနှင့် ဆေးရုံတွင် သုံးဦး စုစုပေါင်း ခြောက်ဦးသေဆုံးခဲ့ကြောင်း ကိုယ်တိုင်သွားရောက်ကူညီပေးခဲ့သော မဂျက်မိုင်း (Jas Mine) က ပြောသည်။

ကားသမားသည် အဆိုပါကားနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး လူဦးရေအများအပြား တင်ဆောင်ကာ ယခုပထမဆုံးအကြိမ်မောင်းနှင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကားသမားက မောင်းနေကျကား မဟုတ်ဘူး။ သူကလည်း လူအများကြီး မတင်ဖူးဘူး။ ပထမဆုံးတစ်ခါပဲ တင်ဖူးတာ။ အယောက် ၂၀ ကျော်တယ်လေ။ ဒါကို Weight (အလေးချိန်) ထိန်းမနိုင်လို့ တောင်ဆင်းမှာပေါ့။ ဓါတ်မီးတိုင်ကို သွားတိုက်ပြီး မှောက်သွားတာ” ဟု ၎င်းက ပြောဆိုသည်။

ကျန် ဒဏ်ရာရရှိသည့် မြန်မာအလုပ်သမားများနှင့် ထိုင်းကားသမားတို့ကို ဆေးရုံများသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေရကြောင်း မဂျက်မိုင်းက ပြောသည်။