လောင်းလုံး အင်းဇောက်ရွာတွင် ကားတစ်စီးပစ်ခတ်ခံရ၊ အနီးအနားခြံဝင်းထဲရှိ အမျိုးသားတစ်ဦးကျည်ထိမှန်သေဆုံး

0
2850

လောင်းလုံးမြို့နယ် အင်းဇောက်ရွာတွင် ဩဂုတ်လ ၆ ရက် ယနေ့ မွန်းလွဲပိုင်းက စက်သုံးဆီပီပါများ တင်ဆောင်လာသည့် ကားတစ်စီး ပစ်ခတ်ခံရပြီး ယင်းနေရာအနီးရှိ နေအိမ်ခြံဝင်းထဲတွင်ရှိနေသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးကြောင်း ဒေသခံတို့က ပြောသည်။

စက်သုံးဆီပီပါများတင်လာသည့်ကားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက တားဆီးစဉ် ရပ်‌မပေးဘဲ မောင်းပြေးသည့် အတွက် နောက်ကလိုက်လံပစ်ခတ်လာကြောင်း ၎င်းတို့က ဆိုသည်။

ယင်းကားသည် အင်းဇောက်ရွာရှိ လူအချို့ရှိနေသည့် နေအိမ်ခြံဝင်းတစ်ခုရှေ့တွင် ထိုးရပ်ပြီး ကားပေါ်က အမျိုးသားနှစ်ဦး ယင်းနေအိမ်ခြံယင်းထဲသို့ ဆင်းပြေးလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါအမျိုးသားနှစ်ဦးသည် ခြံဝင်းအနောက်ဖက်ရှိ ရော်ဘာတောဖက်သို့ ထွက်ပြေးကြကြောင်း ၎င်းက ဆိုသည်။

ယင်းအမျိုးသားနှစ်ဦးကို ပစ်ခတ်ရာမှ ခြံထဲတွင်ရှိနေသည့် အသက် ၃၇ နှစ်အရွယ်ရှိ ဦးမျိုးဇော်လတ်ဆိုသူ ကျည်ထိမှန် သေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“သေနတ်သံက ဆယ်ချက်ထက်မနည်း ကြားရတယ်။ (ပစ်ခတ်တာပြီးသွားတဲ့) နောက်မှ လမ်းမမှာ ဆိုင်ကယ်တစ်စီး ရှိနေလို့ ဘယ်သူ့ ဆိုင်ကယ်လဲဆိုပြီး လိုက်ရှာမှ သေဆုံးသူကို အိမ်နောက်ဖေးခြံတစ်ခုမှာ သေဆုံးလျက်တွေ့တယ်” ဟု အထက်ပါဒေသခံက ပြောသည်။

အဆိုပါ အမျိုးသားနှစ်ဦးသည် ခြံဝင်းထဲသို့ ဝင်ပြေးလာချိန် ‘ပြေး… ပြေး…’ ဟုလည်း အော်လာသဖြင့် ဦးမျိုးဇော်လတ်မှာ ရောယောင်ပြေးမိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“သူက ဘိလိယက်ထိုးနေတယ်လို့ပြောတယ်။ လူနှစ်ဦးက ရုတ်တရက် ဝင်လာပြီး ပြေးပြေးဆိုတော့သူလည်း ရောပြီး လိုက်ပြေးတယ်လို့ထင်တယ်။ အဲဒီမှာ လူမှားပစ်ခံလိုက်ရတယ်လို့ထင်တာပဲ” ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။

ဦးမျိုးဇော်လတ်သည် ထားဝယ်မြို့ အဝေးပြေးကားကွင်းအနီး နေထိုင်သူဖြစ်ပြီး ဇာတိဖြစ်သည့် လောင်းလုံးမြို့နယ် မြခါးပတ်ရွာသို့ ရောက်နေသည်မှာ သုံးရက်ခန့်သာရှိသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထားဝယ်သို့ ယနေ့ ပြန်စဉ် သူငယ်ချင်းမိတ်ဆွေများရှိသည့် အင်းဇောက်ရွာသို့ ဝင်လည်နေချိန် ကျည်ထိမှန် သေဆုံးခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“သူက လူရိုးပါ။ နိုင်ငံရေးနဲ့ပတ်သတ်ပြီး အရှုပ်အရှင်းလည်း မကြားရဘူး” ဟု မြခါးပတ်ရွာသူတစ်ဦးက ပြောဆိုသည်။

ကိုမျိုးဇော်လတ်၏ ဘယ်ဘက်ပါရိုးနှင့် ညာဘက်ရင်အုံတို့တွင် ကျည်ထိမှန်ပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကိုမျိုးဇော်လတ်တွင် ဇနီးသည်နှင့် ၂နှစ်‌ ကျော်အရွယ် သားယောက်ျားလေးတစ်ဦး ကျန်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

သေဆုံးသူ၏ရုပ်အလောင်းကို ယနေ့ ညနေပိုင်းတွင် အရေးပေါ်ကားဖြင့် ထားဝယ်ဖက်သို့ သယ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

စက်သုံးဆီပီပါများ တင်ဆောင်လာသည့် ကားကို လက်နက်ကိုင်တစ်စုက လိုက်လံပစ်ခတ်သည့် အကြောင်းအရင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။