မက်ဆီရောက်ပြီး နိုင်ပွဲဆက်နေသည့် အင်တာမီယာမီအသင်း နောက်တစ်ဆင့်တက်

0
1616

အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းသည် ယနေ့ယှဉ်ပြိုင်ကစားရသော လိဂ်ဖလား ၃၂ သင်းအဆင့်ပွဲစဉ်တွင် နိုင်ပွဲဆက်လက် ရရှိကာ နောက်တစ်ဆင့်ဆီသို့ ဆက်လက်တက်လှမ်း ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

အင်တာမီယာမီသည် မက်ဆီ စတင်ပါဝင်ကစားသည့် ပွဲစဉ်ကတည်းကပင် နိုင်ပွဲရရှိနေခဲ့ခြင်းဖြစ်ပြီး လက်ရှိ၌ မက်ဆီ ပါဝင်ကစားသော လိဂ်ဖလားပွဲစဉ် သုံးပွဲလုံးတွင် အင်တာမီယာမီက နိုင်ပွဲဆက်နေခဲ့ပြီလည်းဖြစ်သည်။

လိဂ်ဖလား ၃၂ သင်းအဆင့်ပွဲစဉ်တွင် အင်တာမီယာမီနှင့် အော်လန်ဒိုစီးတီးတို့ ဆုံတွေ့ယှဉ်ပြိုင်ခဲ့ရပြီး အင်တာမီယာမီက သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

အင်တာမီယာမီသည် ပွဲအစ ၇ မိနစ်ကတည်းကပင် မက်ဆီ၏သွင်းဂိုးနှင့်အတူ အော်လန်ဒိုစီးတီးကို ဦးဆောင်ကစားနိုင်ခဲ့ပြီး အော်လန်ဒိုစီးတီးကလည်း ပွဲချိန် ၁၇ မိနစ်တွင် သွင်းယူခဲ့သောဂိုးနှင့် ယင်းဦးဆောင်ဂိုးကို ပြန်လည်ချေပသွားခဲ့သည်။

အင်တာမီယာမီနှင့် အော်လန်ဒိုစီးတီးတို့သည် ပထမပိုင်း ပွဲကစားချိန် ၄၅ မိနစ် ပြည့်သွားချိန်တွင် တစ်ဖက်နှင့် တစ်ဖက် တစ်ဂိုးစီ သရေဖြစ်နေခဲ့ပြီး ဒုတိယပိုင်းစတင်ပြီးနောက် ပွဲကစားချိန် ၅၁ မိနစ်တွင် ပင်နယ်တီကတစ်ဆင့် အင်တာမီယာမီက ဒုတိယဂိုးကို သွင်းယူသွားနိုင်ခဲ့သည်။

မက်ဆီသည် အသင်းအတွက် ပင်နယ်တီကန်သွင်းပေးရန် အခွင့်အရေးရရှိထားသော်လည်း ယင်းအခွင့်အရေးကို အသင်းဖော် ဂျီမီနက်ဇ်ထံ လွှဲပြောင်းပေးလိုက်ပြီး ပင်နယ်တီကန်သွင်းရာတွင် ဂိုးဝင်သွားခဲ့သည့်အတွက် ဂျီမီနက်ဇ်က လေးပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့ရမှုကို အဆုံးသတ်သွားနိုင်ခဲ့သည်။

အင်တာမီယာမီသည် ပွဲကစားချိန် ၇၂ မိနစ်သို့အရောက်တွင် တတိယဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး အဆိုပါ တတိယမြောက်သွင်းဂိုးကို မက်ဆီကပင် သွင်းယူပေးသွားခြင်းဖြစ်သည်။

အင်တာမီယာမီသည် လာမည့် ဩဂုတ်လ ၆ ရက်နေ့၌ လိဂ်ဖလား ၁၆ သင်းအဆင့်ကို ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းအဆင့်တွင် အင်တာမီယာမီနှင့် ထိပ်တိုက်တွေ့နေသည်မှာ အက်ဖ်စီဒဲလ်လတ်စ် ဖြစ်သည်။