ကံပေါက်တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ်တစ်ဦး သေဆုံး

0
1588

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သွေးလွန်တုပ်ကွေးကြောင့် ဩဂုတ်လ ၂ ရက် မနက်အစောပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ကံပေါက်ဒေသ၊ ဖောင်းတောကျေးရွာအုပ်စု၊ ကောင်းမှုကျေးရွာမှ မခင်ဝင့်ဝါလှိုင်မှာ ကံပေါက်ဆေးရုံတွင်ပင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

“ ကလေးက အိမ်မှာကတည်းက သွေးတွေလျှံနေတာ။ လက္ခဏာကတော့ သိပ်မကောင်းဘူး။ ဆေးရုံက တစ်ရက်ပဲတက်လိုက်ရတယ်“ ဟု ဆွေမျိုးနီးစပ်သည့် ကောင်းမှုရွာသားတစ်ဦး ကပြောပါသည်။

ကံပေါက်ဒေသအတွင်းရှိ ကျေးရွာအုပ်စု များတွင် သွေးလွန်တုပ်ကွေးရောဂါလက္ခဏာဖြင့် ကလေးငယ်များ ဖျားနာမှုများရှိနေပြီး ကံပေါက်ဆေးရုံနဲ့ ထားဝယ်ဆေးရုံသို့ အရေးပေါ်လူနာအဖြစ် တက်ရောက်ကုသခံယူမှု များလည်းရှိသည်ဟု ဒေသခံများကပြောသည်။

ဇူလိုင်လ နောက်ဆုံးအပတ်ကလည်း သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာက ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦး သွေးလွန်တုပ်ကွေးရောဂါ ဖြင့် ကွယ်လွန်ခဲ့သေးသည်။

ထားဝယ်ခရိုင်တွင် ယခုနှစ် သွေးလွန်တုပ်ကွေးရာသီ၌ လောင်းလုံးမြို့နယ်တွင် ၁ ဦး၊ ရေဖြူမြို့နယ်တွင် ၂ ဦး၊ သရက်ချောင်းမြို့နယ် တွင် ၁ ဦး စုစုပေါင်း ၄ ဦး သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားမှုအရသိရသည်။

သို့သော် အချက်အလက်အမှန်ကို ရရှိရန်ခက်ခဲနေပြီး မြေပြင်အခြေအနေတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုမှာ ယင်းထက်များစွာပိုမိုနိုင်ကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် ယခုနှစ် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှင့် သေဆုံးမှုဟာ ယခင်နှစ်ကထက်သိသိသာသာ လျော့ကျသွားခဲ့သည်ဟု စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနကပြောကြောင်း ဆင်ဟွာသတင်းတွင် ဖေါ်ပြထားသည်။

လက်တွေ့တွင် မြန်မာနိုင်ငံအရပ်ရပ်၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ယခုနှစ်တွင် ပိုမိုများပြားနိုင်ဖွယ်ရှိသည့် အခြေအနေမျိုး တွေ့ရှိရပြီး တနင်္သာရီတိုင်းတွင်လည်း ရွာလုံးကျွတ်သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများပင် ရှိခဲ့သည်။

သွေလွန်တုပ်ကွေးကြောင့် သေဆုံးသူများလည်း ရှိနေပြီး ဆေးရုံများတွင် သွေးလွန်တုပ်ကွေးဖြင့် တက်ရောက်ကုသသူ များလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများသော်လည်း သွေးလွန်တုပ်ကွေး ကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ ဆေးခပ်ခြင်း၊ ကာကွယ်ဆေးဖြန်းခြင်းများ လုပ်ဆောင်မှုနည်းပါးသည်ကို တွေ့ရသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ ဇူလိုင်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ကမ္ဘာကြီး ပိုမိုပူနွေးလာခြင်းကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သွေးလွန်တုတ်ကွေး ဖြစ်ပွားမှုနှုန်းမြင့်တက်လာနေကြောင်း ဖော်ပြထားသည်။