သံဃာတော်များ ဝါဆိုဝါကပ်ပြုတော်မူ

0
1012

ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက် ယနေ့ ဩဂုတ် ၂ ရက်တွင် သံဃာတော်များ ဝါဆိုဝါကပ်တော်မူပြီဖြစ်သည်။

ရေဖြူမြို့နယ်တွင် ဂဏဝိမုတ်ကူးတို့ဂိုဏ်း၊ စခန်းကြီးသုဓမ္မာ ပါဝါရဏာဂိုဏ်း၊ ဟိန်းဇဲ သုဓမ္မာ ပါဝါရဏာဂိုဏ်း စသည့် သံဃဂိုဏ်း သုံးခု၏ အဖွဲ့ဝင် ဘုန်းတော်ကြီးကျောင်း ၈၀ ကျော်ရှိသည်။

“မနှစ်က စခန်းကြီးဂိုဏ်း တစ်ခုတည်း လောင်းလုံးနဲ့ ရေဖြူ နှစ်မြို့နယ်ပေါင်း ဝါဆိုသံဃာ အပါး ၉၄၀ ကျော် ရှိတယ်။ အခုနှစ် ဝါဆို သံဃာစာရင်းက မချုပ်ရသေးတော့ တိတိကျကျ ပြောမရသေးဘူး။ အရင်နှစ်ကထက်တော့ပိုမယ်” ဟု စခန်းကြီး သုဓမ္မာ ပါဝါရဏာဂိုဏ်းဝင် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

ထားဝယ်ခရိုင်တွင် အထက်ဖော်ပြပါ ဂိုဏ်း ၃ဂိုဏ်းအပြင် သိမ်ဝဂိုဏ်း၊ နန်းတော်ရာဂိုဏ်း၊ ရွှေတောင်ဂိုဏ်း၊ မရမ်းပင်ဂိုဏ်း စသည့် သံဃအဖွဲ့အစည်းဝင် ဘုန်းတော်ကြီးကျောင်းများ၌လည်း သံဃာတော်များ ဝါဆိုဝါကပ်တော်မူကြသည်။

နှစ်စဉ် ဝါဆိုလပြည့်ကျော် တစ်ရက်နေ့တွင် သံဃာတော်များ ဝါဆိုဝါကပ်ပြုရန် ဝါဆိုပန်းကပ်ဓလေ့ဖြင့် ဝါဆိုပန်းကပ်ခြင်းများပြုလုပ်လေ့ရှိသည်။

ယခုနှစ်တွင် အခြေအနေအရပ်ရပ်ကြောင့် ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာအချို့တွင် ဝါဆိုပန်းကပ်ခြင်း ဓလေ့ ပြုလုပ်နိုင်ခြင်းမရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။