ထိုင်းတွင် ကံပေါက်သူတစ်ဦး ပယောဂဝင်ပူးသည်ဟုဆိုကာ ရိုက်နှက်ခံရမှုကြောင့် သေဆုံး

0
3783
Photo - AAC မဟာမိတ်အဖွဲ့

ထိုင်းနိုင်ငံ ပကျွတ်ခီရီခန်ခရိုင်တွင် ပယောဂဝင်ပူးသည်ဟုဆိုကာ ရွှေရင်ကျော်ဆရာဆိုသူက ရိုက်နှက်ကုသမှုကြောင့် ကံပေါက်ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ဘန်စဖန်ဒေသတွင် ကံပေါက်ဒေသခံအမျိုးသမီးကို ရွှေရင်ကျော်ဆရာဆိုသူက သုံးရက်တိုင်တိုင် ရိုက်နှက်ကုသခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၅၉ နှစ်အရွယ် ဒေါ်နှင်းနွယ်ဖြစ်ပြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသခံဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အဆိုပါအမျိုးသမီးသည် ကယောင်ကတမ်းပြောနေသဖြင့် သားသမီးများက ရွှေရင်ကျော်ဆရာဆိုသူနှင့်ပြသခြင်းဖြစ်ပြီး သားသမီးများ၏ ခွင့်ပြုချက်ဖြင့် ရိုက်နှက်ကုသစဉ် သေဆုံးခြင်းဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးခိုင်ကြီးက ဆိုသည်။

“ရွှေရင်ကျော်ဆရာက ဒါပယောဂပဲ။ လက်တွေ့ရိုက်မှရတာ။ သားသမီးတွေ ကျေနပ်မှုရှိလားပေါ့။ သားသမီးတွေကလည်း ရှိတယ်။ ပျောက်ရင်ရပြီပေါ့။ အဲဒါမှ မိသားစုကို အပြင်မောင်းထုတ်ပြီး ရိုက်တာ။ ရိုက်ရင်းနဲ့မှ အရှိန်လွန်ပြီး သေသွားတာ” ဟု ၎င်းက ပြောသည်။

ရွှေရင်ကျော်ဆရာ၏နေအိမ်တွင် ကုသနေစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အမျိုးသမီး သေဆုံးပြီးနောက် အလောင်းကို ဆေးရုံ၊ ရဲစခန်းအကြောင်းကြားခြင်းမရှိဘဲ ရွာရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် နာရေးကိစ္စပြုလုပ်နေသဖြင့် လူမှုကူညီရေးအသင်းတစ်သင်းက AAC အဖွဲ့သို့ အကူအညီပေးရန် အကြောင်းကြားခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ရိုက်နှက်နေသော ရုပ်သံမှတ်တမ်းကို ပြသ၍ ရဲစခန်းတွင် တိုင်ကြားပြီးနောက် ရုပ်အလောင်းယူ၍ ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း ဆိုသည်။

အလောင်းစစ်ဆေးချက်မရမီတွင် ရွှေရင်ကျော်ဆရာဆိုသူကို ဖမ်းဆီးခဲ့ပြီး အချုပ်ထဲတွင် ထိန်းသိမ်းထားကြောင်း AAC ထံမှ သိရသည်။

ကုသပေးသော ဆရာကလည်း အမှုကို မငြင်းဆိုခဲ့ဘဲ မှားယွင်းသည်ဟု တောင်းပန်ကြောင်းပြောပြီး အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အလောင်းဆေးစစ်ချက်ထွက်လာမှသာလျှင် တရားစွဲဆိုမှုများ ဆက်လုပ်သွားရမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။