ဟောလိဝုဒ်မင်းသားပိုင်ဆိုင်သည့် ဝရက်ဇ်ဟမ်းအသင်းကို မန်ယူ အရေးနိမ့်

0
1699
Photo – 1Football၊ LiveScore

ရာသီကြိုခြေစမ်းပွဲများတွင် ရလဒ်ကောင်းများ ရရှိနေသော မန်ချက်စတာယူနိုက်တက်အသင်းသည် ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် ရာသီကြိုခြေစမ်းပွဲတွင် ဟောလိဝုဒ်မင်းသား ရိုင်ယန်ရေးနိုးလ် ပူးတွဲပိုင်ဆိုင်ထားသော ဝရက်ဇ်ဟမ်းအသင်းကို သုံးဂိုး တစ်ဂိုးဖြင့် အရေးနိမ့်သွားခဲ့ကြောင်း သိရှိရသည်။

မန်ယူသည် ဂျွန်နီအီဗန်စ်နှင့် လူငယ်များကို တွဲဖက်၍ ကစားကွက်ခင်းကျင်းကာ ဝရက်ဇ်ဟမ်းကို ရင်ဆိုင်သွားခဲ့ခြင်းဖြစ်ပြီး ဝရက်ဇ်ဟမ်းက ပထမပိုင်း ၄၅ မိနစ် ပြီးဆုံးချိန်ကတည်းကပင် နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့ခြင်းဖြစ်သည်။

မန်ယူသည် ဒုတိယပိုင်း ပွဲစပြီးနောက် ၂ မိနစ်အကြာ၌ပင် ဂိုရီ အနီကတ်ထိသွားသည့်အတွက် လက်ကျန်ပွဲချိန်များကို ကစားသမား ၁၀ ယောက်တည်းဖြင့် ကစားလိုက်ရပြီး ယင်းနောက်တွင် ဝရက်ဇ်ဟမ်းအသင်းက မန်ယူဘက်သို့ တစ်ဂိုးထပ်သွင်းကာ ပွဲအပြီး၌ သုံးဂိုး တစ်ဂိုးဖြင့် နိုင်သွားခဲ့သည်။

ဝရက်ဇ်ဟမ်းသည် ယခုမတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သော ခြေစမ်းပွဲများတွင် ရှက်ဖီးယူနိုက်တက်ကို သုံးဂိုး တစ်ဂိုး၊ ချယ်လ်ဆီးကို ငါးဂိုး ဂိုးမရှိဖြင့် အရေးနိမ့်ထားခဲ့ပြီး ယခုပွဲစဉ်တွင်မှ မန်ယူကို အနိုင်ကစားကာ နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။

မန်ယူသည် ယခုမတိုင်မီယှဉ်ပြိုင်ခဲ့သော ခြေစမ်းပွဲများတွင် လိဒ်စ်ယူနိုက်တက်၊ လိုင်ယွန်နှင့် အာဆင်နယ်တို့ကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီး ဝရက်ဇ်ဟမ်းနှင့်ပွဲစဉ်တွင်မူ လူငယ်အကယ်ဒမီထွက် ကစားသမားများကို အားပြုကစားရာကတစ်ဆင့် ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်သည်။

ဝရက်ဇ်ဟမ်းသည် ဟောလိဝုဒ်မင်းသား ရိုင်ယန်ရေးနိုးလ်က ပူးတွဲပိုင်ရှင်အဖြစ် ရပ်တည်လိုက်အပြီးတွင် ဆက်တိုက် တိုးတက်လာခဲ့ပြီး လက်ရှိအချိန်၌ ဒေသလိဂ်မှနေ၍ အဆင့်မြင့်လိဂ်ဘက်သို့ တန်းတက်ရောက်ထားနိုင်ပြီလည်းဖြစ်သည်။

မန်ယူသည် မနက်ဖြန်တွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ရာသီကြိုခြေစမ်းပွဲစဉ် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲစဉ်၌ အဓိက,ကစားသမားများကို နည်းပြ အီရစ်ဂ်တန်းဟတ်ဂ်က ပြန်လည်အသုံးပြု ပွဲထုတ်ဖွယ်ရှိနေသည်။