လောင်းလုံး အင်းဝန်းတံတားအနီးတွင် ခရီးသွားပြည်သူလေးဦး ဖမ်းဆီးခံရ

0
1705

လောင်းလုံးမြို့နယ်ရှိ အင်းဝန်းတံတားအနီး တွင် ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်စောစော တွင် ဒေသခံခရီးသွားပြည်သူလေးဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံခရီးသွားများထံမှ သိရသည်။

လောင်းလုံးမြို့ဘက်မှ ထားဝယ်ဘက်သို့ လာသည့် ခရီးသည်တင်ကား တစ်စီးကို အဆိုပါ အင်းဝန်းတံတားအနီးတွင် စစ်ကောင်စီတပ်ကတားဆီးစစ်ဆေးကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

ကားပေါ် လိုက်ပါဘာသော လူငယ်အမျိုးသား နှစ်ဦး၏ တယ်လီဖုန်းကို စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၎င်းက ဆိုသည်။

“ဖုန်းထဲမှာဘာတွေ့လဲတော့ မသိဘူး” ဟု အထက်ပါခရီးသွားက ပြောဆိုသည်။

ယင်းအပြင် မင်းရပ်ကျေးရွာသားဖြစ်သည့် ကိုတင်ဇော်ဦးနှင့် ၎င်း၏ ယာဉ်နောက်လိုက်ဖြစ်သူမှာလည်း ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့သို့ ရေခဲသွားယူစဉ် အဆိုပါတံတားအနီး ဖမ်းဆီးခံရကြောင်း ကိုတင်ဇော်ဦးနှင့်နီးစပ် သူတစ်ဦးက ပြောသည်။

၎င်းတို့လေးဦးစလုံးကို စစ်ကောင်စီတပ်က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို အတည်မပြုနိုင်သေးပေ။

အဆိုပါအင်းဝန်းတံတားမှာ ထားဝယ်မြို့ မှ တစ်မိုင်ဝန်းကျင်အကွာ ထားဝယ်-လောင်းလုံးလမ်းပိုင်းတွင် တည်ရှိသည်။

ထားဝယ်ခရိုင်တွင် ဇူလိုင်လ တတိယပတ်ထဲတွင် ခရီးသွားပြည်သူများနှင့် ဒေသခံများကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များနှင့် လမ်းပိုင်းတွင် ရှောင်တခင် စစ်ဆေးဖမ်းဆီးမှုများ ခပ်စိပ်စိပ်ဖြစ်လာသည်ကိုတွေ့ရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့ကလည်း ရေဖြူမြို့နယ် တွင် ကုန်တင်ကားမောင်းသူ တစ်ဦးနှင့်၎င်း၏ယာဉ်နောက်လိုက်တစ်ဦး၊ဒေသခံ ဥယျာဉ်ခြံလုပ်သမားတစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့သေးသည်။