❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၂) ❞

0
1937

တို့ရွာထိပ်မှာ တစ်ရွာလုံးကိုးကွယ်တဲ့ တစ်ကျောင်းတည်းသော ဘုန်းကြီးကျောင်း ရှိပါ တယ်။ ကိုယ်တို့ ငယ်ငယ်တုန်းကတော့ ရှေးဟောင်းသာသနိက အဆောက်အဦးတွေ အများ ကြီးရှိနေပါသေးတယ်။ အခုတော့ ခေတ်မီအဆောက်အဦးတချို့ အစားထိုးလိုက်ပါပြီ။

ရွာအလယ်မှာတော့ ကိုယ်တို့စာသင်ခဲ့ရတဲ့ သစ်သားနှစ်ထပ် မူလတန်းကျောင်းလေး ရှိပါတယ်။ (အခုတော့ ရွာအဝင် ကားလမ်းနံဘေးကို မူလွန် ကွန်ကရစ်ကျောင်းအဖြစ် ပြောင်း လိုက်ပါပြီ။) တစ်ရွာလုံးရဲ့ အသက်မွေးဝမ်းကျောင်းပြုရာ ပင်လယ်ပြာပြာကြီးကတော့ ရွာရဲ့ အနောက်ဘက်မှာပေါ့။ နိုင်ငံကျော် ပင်လယ်ကမ်းခြေနဲ့ လွမ်းမောဖွယ်ရာ ရှုမျှော်ခင်းတွေရှိတဲ့ ဘုရားတို့ဟာ တို့ရွာရဲ့တစ်ဖက်တစ်ချက်စီမှာ တည်ရှိကြပါတယ်။

ကိုယ်တို့ ကျောင်းနေစအချိန်က ရွာတွေမှာ ဘုန်းတော်ကြီးကျောင်းပညာရေး အား ကောင်းတုန်းအချိန်လို့ ပြောလို့ရပါတယ်။ အင်္ဂလိပ်စာကို အလယ်တန်းအဆင့်ရောက်မှ စသင် ရတဲ့ခေတ်ပါ။ မြို့နဲ့အတော်အတန်လှမ်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း ကလည်း မရှိ၊ အလုပ်အကိုင်ပေါတဲ့ တံငါရွာလည်းဖြစ်ပြန်ဆိုတော့ စာသင်ကျောင်းမှာ လေးတန်း အောင် ရင် ကျောင်းပြီးသလိုကို လူရာဝင်တဲ့ ခေတ်ဆိုရင် မမှားဘူးပေါ့။

လေးတန်းအောင်လို့ ကိုရင်ဝတ်ဖို့ ဝင်လာသူတွေနဲ့ အစကတည်းက အတန်းကျောင်း မနေဘဲ ဘုန်းကြီးကျောင်းပညာရေးကို သင်ယူနေတဲ့ ကျောင်းသား၊ ကိုရင်၊ ဦးပဉ္ဇင်းတွေနဲ့ ဆိုတော့ ဘုန်းကြီးကျောင်းမှာ အရွယ်စုံ လူစုံ ပျော်စရာကြီးပါ။

အိမ်တစ်အိမ်မှာ အဖေတစ်ယောက်အလုပ်လုပ်ရင် တော်ရုံမိသားစု စားလို့ရတဲ့အချိန်။ အခုလို အိမ်ရှိလူကုန် နွေမိုးဆောင်းအချိန်ပြည့် အလုပ်လုပ်ကြရတာမျိုး မဟုတ်တော့ ဘုန်းကြီးကျောင်းမှာ လူပျိုပေါက်အရွယ်အထိ ကျောင်းသားအဖြစ်နဲ့တမျိုး ကိုရင်ဝတ်နဲ့တဖုံ ဘာသာရေးစာပေ သင်ကြရတယ်။ ဒါကြောင့်လည်း လူတိုင်းနီးပါးက ပရိတ်ကြီး(၁၁)သုတ်ကို အလွတ်ရကြတယ် ဆိုပါတော့။

မူလတန်း ကျောင်းသားဘဝမှာရတဲ့ မုန့်ဖိုးက တစ်မတ် ငါးမူးပါ။ ပိုက်ဆံတန်ဖိုး ရှိတယ် ခေါ်မလား တစ်ရာတန်က အကြီးဆုံးပါ။ တန်ဖိုးကြီးသလို အရွယ်အစားလဲ ကြီးတယ်လို့ ခံစားမိပါတယ်။ အငယ်ဆုံးက ငါးပြားစေ့ပါ တစ်ပြားစေ့ဆိုတာ ရှိပေမဲ့ အသုံးမဝင်တော့ပါဘူး။ အကြွေစေ့ဆိုတော့ စုတ်တာ ပြဲတာ ဟောင်းသွားတာမျိုး မရှိပါဘူး။ အရမ်းညစ်ပတ်နေရင် ဗွတ်ထဲထည့်ပြီး ခြေဖနောင့်နဲ့ ဖိပွတ်လိုက်ရင် ပြန်သစ်သွားတယ် ဆိုတော့ ကလေးတွေနဲ့ အကိုက်ပေါ့။

အဲဒီတုန်းက ငါးဖမ်းကြသူတွေက အခုလိုသုံးရာသီစလုံး မနားတမ်း ပင်လယ်ထဲ ဖမ်းနေ ကြတာမျိုး မဟုတ်ဘူး။ နွေနဲ့ဆောင်းရာသီတွေမှာပဲ ငါးဖမ်းထွက်ပြီး မိုးရာသီမှာ နားကြပါတယ်။

ငါးမျိုးပွားဖို့အချိန်ပေးတာလား၊ မိုးရာသီမှာဖြစ်ပေါ်တတ်တဲ့ လှိုင်းဒဏ် လေဒဏ် မုန်တိုင်း ဒဏ်ကို ရှောင်တာလား အသေအချာတော့ မသိပါ။ အဖေတို့ ငါးဖမ်း တဲ့အချိန်က အများအားဖြင့် ရွက်အားကိုး တက်အားကိုးနဲ့ ဖမ်းကြတဲ့ခေတ်ပါ။

ငါးတွေကိုလည်း အဝေးကြီးမှာ သွားရှာရမျိုးမဟုတ်ဘူး။ နေ့ထွက်ညဝင် ညထွက် နေ့ဝင်ဆိုပါတော့။ ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်ပြီးရင် လုပ်ငန်းသိမ်းပြီး သီတင်းကျွတ် ဆီမီးထွန်းပွဲတော်ပြီးရင် လုပ်ငန်းပြန်စကြတယ်။ နွေမှာအသုံးပြုထားတဲ့ လှေနဲ့ ငါးဖမ်းကိရိယာ တွေကို မိုးတွင်းမှာ ပြုပြင်ဖာထေးကြတယ်လေ။

ဝါတွင်းကာလ ဥပုပ်နေ့တွေမှာ အဖေအမေတွေက ဘုန်းကြီးကျောင်းမှာ ညအိပ် ဥပုပ် သွားစောင့် ကြတယ်။ အာရုံဆွမ်းခံထွက်လာတဲ့ ဦးပဉ္ဇင်း ကိုရင် ဖိုးသူ‌တော် ကျောင်းသားတွေ အများကြီးပါတဲ့ ဆွမ်းခံတန်း အရှည်ကြီးရယ်၊ ငှက်ပျောရွက်ခင်းထားတဲ့ လင်ဗန်းကြီးပေါ် ထမင်းခွက် ဟင်းခွက်တွေတင်ကာ ခမောက်လေးအုပ်ပြီး ခေါင်းပေါ်ရွက်လို့ ဥပုပ်သည်ထမင်း သွားပို့နေကြတဲ့ ရွာသူတွေရယ် စတဲ့ ဥပုပ်နေ့မြင်ကွင်းတွေကို ပြန်မြင်ရဖို့ မလွယ်တော့ဘူး ထင်ပါတယ်။

နေ့လည်အချိန်ရောက်ရင် အပျိုလူပျိုတွေက အုပ်စုဖွဲ့ပြီး စက်ဘီးလေးတွေနဲ့ မြို့မှာ ရုပ်ရှင်သွားကြည့်ကြတာမျိုး (အဲဒီခေတ်က အိန္ဒိယရုပ်ရှင်ဇာတ်ကားတွေ ခေတ်စားတယ်) ရှိသလို ကိုယ်တို့ကလေးတွေနဲ့အတူ နီးစပ်ရာရေတံခွန်တွေမှာ ရေသွားကူးကြတာ မျိုးလည်း ရှိပါတယ်။

နွေရာသီ လပြည့်ရက်တွေ(လူစုံချိန်) ပင်လယ်ဒီရေဟာ ကမ်းနဲ့အဝေးကြီးကို ဆုတ်သွား ရင် ကမ်းခြေသဲသောင်ပြင် အကျယ်ကြီးပေါ်လာပါတယ်။ ပေါ်လာတဲ့ကမ်းခြေမှာ ပင်လယ်စာ (ခရု အမျိုးမျိုး၊ ရှပ်အမျိုးမျိုး၊ ကဏန်း စသည့်)ကို ထွက်ရှာစားကြတဲ့ ဓလေ့ရှိပါတယ်။ ဒေသတွင်းမှာ နာမည်ကျော်တဲ့ စားစရာ(Sea food) တွေပေါ့။ အခြားဒေသမှာဆို စားသောက်ဆိုင်တွေမှာပဲ ရနိုင်တဲ့ အစားစာတွေပါ။

သဲသောင်ပြင်ကြီးမှာ ပင်လယ်စာရှာနေကြတဲ့ ရွာနီးချုပ်စပ်ကလူတွေ ကိုယ့်ရွာက လူတွေနဲ့ မြင်ကွင်းတဆုံးပါပဲ။ အခုတော့ ဒီဓလေ့ကို လူသိနည်းသွားပြီထင်ပါတယ်။ လူနေမှုပုံစံ တွေလဲ ပြောင်းလဲကုန်ပြီလေ။

လပြည့်ရက်နီးလို့ ငါးဖမ်းလှေတွေခဏနားပြီဆို အိမ်တိုင်းနီးပါးက လုပ်ငန်းအဆင်ပြေ စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးရှင်ကြီးနတ်တင်ကြတယ်။ ကိုယ်တို့ကလေးတသိုက်က လရောင် အောက်မှာ ပြေးလွှားဆော့ကစားရင်း အိမ်ပေါက်စေ့ ဦးရှင်ကြီးလိုက်လုခဲ့ကြတာလဲ အမော ပါပဲ။

မူလတန်းကျောင်းသာဘဝမှာ ကစားစရာကို ပိုက်ဆံနဲ့ဝယ်ပြီး ဆော့တာမျိုး မရှိ သလောက်ပါပဲ။ မိုးရာသီမှာ သစ်သားခုတ်ပြီး လှေလုပ်တမ်း ကစားကြတယ် ဘောလုံးကန် ကြတယ်။ ဆောင်းရာသီမှာ စက္ကူစွန်လုပ်ပြီး ရွာထိပ်က လယ်ကွင်းပျက်ကြီးမှာ ရွာအနောက် က ကမ်းခြေမှာ စွန်လွှတ် ကြတယ်။ ဝါးပတ်ကို လေစင်္ကြာလုပ်ပြီး ကစားကြတယ်။

သစ်ပြားအဟောင်းတွေကို လှည်းတို့ ကားတို့လုပ်ပြီး အုပ်စုလိုက် ရွာပတ်ကြတယ်။ ကိုယ်မလုပ်တတ်ရင် လုပ်တတ်တဲ့သူဆီမှာ မျက်နှာငယ်လေးနဲ့ အကူအညီတောင်း ရတာ ပေါ့။ ဗြင်းဖန်သီးပေါ်ချိန်မှာ ဝါးခုတ်ပြီး ဖောင်ဖန်လုပ်တယ်။ ဗြစ်သီးခူးပြီး လေးခွလုပ်တယ်။ တောတွေတောင်တွေမှာ ငှက်ပစ်တယ် ချောင်းရိုးတလျှောက် ကဏန်းဖမ်းတယ် ငါးမျှားတယ် ကျန်တာတွေအများကြီး ရှိပါသေးတယ်။

နွေရာသီ ကျောင်းရက်ရှည်ပိတ်ချိန်ဆို အခြားအရပ်မှာ တာဝန်ကျနေတဲ့ ကိုယ်တို့ရွာ သား ကျောင်းဆရာတစ်ယောက်က ရွာပြန်လာပြီး ကိုယ်တို့ကလေးတွေကို အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုတွေကို သင်ပေးလေ့ရှိပါတယ်။ ဒီဆရာဟာ ကိုယ်တို့ရွာရဲ့ ရှားရှားပါးပါး အရင်ခေတ် ဘွဲ့ရသူအထဲက အမှတ်စဥ်(၂)ပါ။ စာဖတ်နာသူဖြစ်ပြီး သူကိုယ်တိုင်လဲ စာရေးဆရာ တစ်ယောက်ပါ။

မှတ်မှတ်ရရ ရွာခံကာလသားတွေ(ကိုယ်တွေရဲ့အစ်ကိုတွေ) သင်္ကြန် လည်ရာမှာသုံးမဲ့ ထားဝယ်သံချပ်ရေးပေးဖို့ အကူအညီလာတောင်းကြတော့ အချိန်တိုအတွင်း ရေးစပ်ပေးနိုင်ခဲ့ပြီး အခုထိလဲ အလွတ်ရနေကြဆဲပါ။ ကိုယ်တို့ကလေးတွေကိုလည်း ဘာသာရေးသံချပ်ရေးပေးပြီး ရွာစဥ်လှည့်လိုက်ဆို ခိုင်းခဲ့ပါသေးတယ်။

သူ့အိမ်ဟာ စာအုပ်တွေနဲ့ ပြည့်လုနီးပါး နေရာယူထားပါတယ်။ နောင် သူနေရာပြောင်း တော့ သူ့စာအုပ်သီးသန့်ကို ကားနဲ့တိုက်ယူရပါတယ်။ ဒီနေ့အထိသူဟာ သူ့ရွာ(ကိုယ့်တို့ရွာ) ကို အနီးကပ် စောင့်ရှောက် လမ်းပြလျက်ရှိပါတယ်။ ကိုယ်ကိုတိုင်လည်း သူ့တပည့်ဖြစ်ခဲ့ရ တာကို ဒီနေ့အထိ ဂုဏ်ယူကျေနပ် နေရဆဲပါ။

ဧသုနိုင်