မြန်မာကျောင်းသားတစ်ရာကျော်တွင် အားလုံးနီးပါး မြန်မာနိုင်ငံသို့ ပြန်ပို့ခံလိုက်ရပြီ

0
23841
The Nation

ထိုင်းနိုင်ငံ အန်ထောင်ခရိုင်တွင် ပညာသင်ကြားနေသော မြန်မာကျောင်းသား ၁၂၆ ဦးတွင် ၁၂၁ဦးမှာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံလိုက်ရပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ငါးဦးမှအပ ကျန်ကလေးငယ်အားလုံးကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပြီးဖြစ်ကြောင်း ဇူလိုင် ၂၄ ရက် တွင် ထိုင်းရှေ့နေများကောင်စီ ဥက္ကဋ္ဌ Wichien Chubthaisong က ပြောဆိုထားသည်။

မိဘများက လာရောက်ခေါ်ယူခြင်းမရှိသေးသဖြင့် ကျန်ရှိနေသော ကလေးငယ်ငါးဦးမှာ အသက် ၆ နှစ်မှ ၁၄ နှစ် အရွယ်များဖြစ်ကြပြီး ကလေးများ၏ ပညာရေးအခြေအနေမှာလည်း တိတိကျကျမသိရသေးကြောင်း ၎င်းက ဆိုသည်။

မြန်မာကျောင်းသားကလေးငယ် ၁၂၁ဦးကို ချင်းရိုင်ခရိုင် မယ်ဆိုင်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာကလေးများတွင် ကျောင်းသား ၅၄ ဦးသည် အချိန်အတိုင်းအတာတစ်ခုအထိ ကျောင်းတွင် ပညာသင်ကြား နေသူများဖြစ်ပြီး ကျန်သော ၇၂ ဦးမှာ အသစ်အပ်နှံ ဝင်ရောက်လာခဲ့သူများဖြစ်ကြောင်း ထိုင်းရှေ့နေများကောင်စီ ဥက္ကဋ္ဌက ပြောသည်။

စာသင်နှစ်လယ်တွင် မြန်မာကလေးငယ်များကို မငြိမ်မသက်ဖြစ်နေသော မြန်မာနိုင်ငံ နေရပ်သို့ပြန်ပို့ခြင်းသည် လူသားများ၏ ပညာသင်ကြားခွင့်ကို ချိုးဖောက်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ အခွင့်အရေးချိုးဖောက်မှုများအတွက် ကလေးများကို နေရပ်ပြန်ပို့ရန် ခွင့်ပြုပေးခဲ့သော ကျောင်းတာဝန်ရှိသူ ငါးဦးကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ထိုင်းရှေ့နေများကောင်စီ ဥက္ကဋ္ဌက ပြောဆိုသည်။

ကျောင်းအုပ်ဖြစ်သူကမူ ၎င်းကို ရှေ့နေများကောင်စီက တရားစွဲဆိုခြင်းအတွက် များစွာအံ့ဩမိပြီး ပညာရေးဝန်ကြီးဌာန၏ စည်းမျဉ်းများအတိုင်းသာ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းကို အခြေခံပညာဌာနက တာဝန်မှ ရပ်နားထားပြီးဖြစ်ပြီး ကျောင်းအတွင်း ဝင်ရောက်မှုတားမြစ်ထားကာ ကလေးများနှင့် ဆက်သွယ်ခွင့်လည်း မရရှိခဲ့ကြောင်း ကျောင်းအုပ်က ဆိုသည်။

မြန်မာကလေးငယ် ၁၂၆ ဦးသည် အန်ထောင်းခရိုင်ရှိ Thairath Wittaya 6 ကျောင်းတွင် အထောက်အထားမရှိဘဲ ပညာသင်ကြားနေကြောင်း တိုင်ကြားခံရပြီးနောက် ထိုင်းအာဏာပိုင်များက နေရပ်ပြန်ပို့ရန် ဆက်တိုက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပညာရှင်များနှင့် NGO အဖွဲ့များ၏ ကန့်ကွက်မှုများကြားက ယင်းသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Ref: The Nation Thailand, Nation Online, Thai Post