ရေဖြူ မူးဒူးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်၊ ပစ်ခတ်ခံရသဖြင့် ဒေသခံနှစ်ဦးဒဏ်ရာရ

0
2343

ရေဖြူမြို့နယ်၊ မူးဒူးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာပြီး ပစ်ခတ်သဖြင့် ဒေသခံနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ဇူလိုင်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် စစ်ကြောင်းဝင်လာခြင်းဖြစ်ပြီး မူးဒူးရွာတွင် ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းရှိသည့်အနက် အနောက်ကျောင်းတွင် တပ်စွဲထားကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကြောင်းဝင်ရောက်ချိန် လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ခဲ့ပြီး အခြားရွာက ဖမ်းဆီးခေါ်ဆောင်လာသူ လေးဦးနှင့် မူးဒူးရွာက ဒေသခံလေးဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၎င်းတို့က ပြောသည်။

ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၁၀ နာရီဝန်းကျင်မှစပြီး ကျေးရွာထဲတွင် သေနတ်ပစ်ခတ်ခြင်း၊ ကင်းပုန်းဝပ်ကာ ပစ်ခတ်ခြင်းတို့ကြောင့် မူးဒူးရွာသား ဒေသခံနှစ်ဦး ကျည်ထိန်မှန်ဒဏ်ရာရသဖြင့် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဒီမနက် ပစ်ခံရတာ နှစ်ယောက်ရှိတယ်။ တစ်ယောက် ခြေထောက်မှာ ထိတယ်။ တစ်ယောက်က ညာဘက်ရင်ဖက်မှာ ထိထားတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။

ဖမ်းဆီးခံထားရသူများအနက် ရွာခံတစ်ဦးကိုသာ ပြန်လွှတ်ပေးသေးကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

“ရွာခံတစ်ယောက်ကိုတော့ ပြန်လွတ်ပေးလိုက်ပြီ။ သူတို့လက်ထဲမှာ ခုနှစ်ယောက်လောက်ရှိသေးတယ်။ အဲဒီလူတွေ ပြန်လွတ် မလွတ်တော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

နှစ်ဖက်တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားလာနိုင်သဖြင့် အိမ်ခြေခြောက်ရာဝန်းကျင်ရှိသည့် မူးဒူးရွာက ထောင်နှင့်ချီသော ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။