ထိုင်းတွင် မြန်မာလုပ်သား ၄၀ကျော် လုပ်အားခမရဘဲ အလုပ်ထုတ်ခံရ

0
1959
Photo - AAC မဟာမိတ်အဖွဲ့

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်ရှိ စက်ရုံတစ်ရုံတွင် တရားဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၄၄ ဦးသည် စာအုပ်စာတမ်း သိမ်းဆည်းခံထားရသည့်အပြင် လုပ်အားခလည်း မရဘဲ အလုပ်ထုတ်ခံရကြောင်း ကူညီဆောင်ရွက်ပေးနေသော AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ကျောက်ပြားစက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများသည် လုပ်အားခ အပြည့်အဝ မရရှိသဖြင့် ပြန်လည်တောင်းခံရာမှ ဇူလိုင်လ ၁၇ ရက်နေ့တွင် အလုပ်ထုတ်ခံလိုက်ရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“လုပ်ငန်းမှာ ပိုက်ဆံမရှင်းပေးရာကနေ စဖြစ်တာ။ ပိုက်ဆံမရှင်းပေးလို့ ကလေးတွေက မငြိမ်မသက်ဖြစ်တော့ အလုပ်ထုတ်တယ်ပေါ့။ ဘာကြောင့် အလုပ်ထုတ်တာလဲမေးတော့ အလုပ်ရှားလို့ အလုပ်မရှိတော့လို့ ဆိုပြီး အကြောင်းပြတယ်” ဟု AAC-မဟာမိတ်အဖွဲ့က ကိုနေလင်းသူက ပြောသည်။

နံနက် ၇ နာရီမှ ည ၇ နာရီအထိ အလုပ်ဆင်းနေရသော မြန်မာအလုပ်သမားများသည် တရားဝင်သတ်မှတ်ထားသည့် လုပ်အားခနှုန်းထား မရရှိဘဲ တစ်ရက်လုပ်အားခ ၃၀၀ ဘတ်သာရရှိခဲ့သည့်အပြင် အချိန်ပိုကြေး တစ်နာရီ ၅၀ ဘတ်သာ ရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ထိုင်းအစိုးရက တရားဝင် သတ်မှတ်ထားသည့်နှုန်းထားမှာ ပထုံဌာနီခရိုင်တွင် တစ်ရက်လုပ်ခ ၃၅၃ ဘတ်၊ အချိန်ပိုလုပ်ခ တစ်နာရီ ၆၆ ဘတ် ပေးရမည်ဖြစ်သည်။

အလုပ်ထုတ်ခံရသော အလုပ်သမားများ၏ ကျန်စာရွက်စာတမ်းများကို အလုပ်ရှင်က သိမ်းထားသဖြင့် ပြန်လည် တောင်းဆိုရာ “တိုင်ချင်တဲ့နေရာတိုင်” ဟု အလုပ်ရှင်ဘက်က ပြောဆိုခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ထို့ကြောင့် ဇူလိုင်လ ၁၉ ရက်နေ့တွင် အစိုးရရုံးထံသို့ သွားရောက်တိုင်ကြားခဲ့ပြီး အလုပ်ရှင်နှင့် အလုပ်သမားကြား ညှိနှိုင်းခဲ့ရာမှ နေထိုင်ခွင့်စာအုပ်များ ပြန်လည်ရရှိခဲ့ကြောင်း AAC ထံမှ သိရသည်။

ထို့နောက် အလုပ်သမားများ၏ လုပ်အားခ ရက် ၂၀ စာနှင့် စာရွက်စာတမ်း အားလုံးကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် အလုပ်ရှင်က ပေးအပ်သွားမည်ဟု အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် လက်မှတ်ထိုး ကတိပေးခဲ့ကြောင်း ဆိုသည်။

လက်ရှိတွင် အလုပ်သမားများ၏ လုပ်အားခနှင့် စာရွက်စာတမ်းများ ပြန်လည်ရရှိရေး ရှေးဦးစွာ ဆောင်ရွက်သွား မည်ဖြစ်ပြီး နောက်ပိုင်းတွင် အလုပ်ထုတ်ခံရသူများ၏ နစ်နာကြေး၊ လျော်ကြေးကိစ္စများကို ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုနေလင်းသူက ပြောဆိုသည်။