ကော်သူးလေတပ်က မိုင်းဆွဲတိုက်ခိုက်၍ KNU တပ်မဟာ ၄ က ဗိုလ်ဖိုးချစ်အပါအဝင် နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

0
6723

KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်ရင်း (၁၀) က ဗိုလ်မှူးဖိုးစီ(ခ)ဗိုလ်ဖိုးချစ် လိုက်ပါလာသည့်ကားကို ထားဝယ် အရှေ့တောဒေသတွင် မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကော်သူးလေတပ်မတော် (KTLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ကော်သူးလေတပ်မတော် (KTLA) တနင်္သာရီတိုင်းစစ်ဌာနချုပ် ဦးဆောင်သူ ဗိုလ်အယ်ကွီးနှင့်အဖွဲ့ ထီးခီးမှ ဖောင်းတောဘက်သို့လာချိန် ဗိုလ်ဖိုးချစ်တို့အဖွဲ့က နှစ်ဖက်ညှပ်တိုက်မည်ဆိုသော သတင်းရသည်ဟု ကော်သူးလေ၏ တပ်ခွဲတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကြောင့် ဖောင်းတောမှ ထွက်လာသည့် ဗိုလ်ဖိုးချစ်ကားကို ကော်သူးလေ၏ တပ်ရင်းတပ်ဖွဲ့က ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“သေတာက ဗိုလ်ဖိုးချစ်ရယ်၊ သူ့တပည့်ရယ်၊ ကျန်တဲ့နှစ်ယောက်လည်း ဒဏ်ရာရတယ်” ဟု ယင်းတာဝန်ရှိသူက ပြောဆိုသည်။

ဗိုလ်ဖိုးချစ်သည် KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်ရင်း (၁၀) ၏ တပ်ရင်းမှူးဖြစ်သည်ဟု ‌အထက်ပါ တာဝန်ရှိသူနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့မှ အဖွဲ့ဝင်အချို့က ဆိုသည်။

KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်ရင်းနှင့် ကော်သူးလေတပ်မတော်-KTLA တို့ကြား မကျေလည် ဖြစ်ရာမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ရက်က ပစ်ခတ်မှုထပ်မံဖြစ်ပွားပြီးနောက် စစ်ရေးပဋိပက္ခ ပိုမိုတင်းမာလာခြင်းဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ လက်ရှိအချိန်အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု အနည်းဆုံး ခုနစ်ကြိမ်ထက်မနည်း ရှိပြီလည်းဖြစ်သည်။

ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းတွင်လည်း ထားဝယ်-ထီးခီးလမ်းပိုင်း ဝါးတောကျေးရွာအနီးတွင် ဗိုလ်ဖိုးချစ်၏ KNLA တပ်ရင်း (၁၀) နှင့် ကော်သူးလေတပ်မတော်က တပ်ခွဲ (၃) တို့ကြား ထိတွေ့ပစ်ခတ်မှု ထပ်မံဖြစ်ပွားနေကြောင်း KTLA ၏ တပ်ခွဲတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

ယနေ့ဖြစ်ပွားနေသည့် ပစ်ခတ်မှုအခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

ထားဝယ်အရှေ့တောဒေသတွင် ကရင်လက်နက်ကိုင်နှစ်ဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပက်သက်ပြီး KNU တပ်မဟာ (၄) က တာဝန်ရှိသူအချို့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိသေးပေ။

ယခုဖြစ်စဉ်များမတိုင်မီ ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းတွင် ကော်သူးလေတပ်မတော်-KTLA တပ်ဖွဲ့ကို ပျားဆေးချောင်း အနီးရှိ KNLA က ပစ်ခတ်သဖြင့် KTLA တပ်ဖွဲ့ဝင်နှစ်ဦးနှင့် အရပ်သားနှစ်ဦး ဒဏ်ရာရကြောင်း KTLA မှ တာဝန်ရှိသူတစ်ဦးက Dawei Watch သို့ ဇူလိုင်လ ၁၆ ရက်က ပြောဆိုထားသည်။

ထိုပစ်ခတ်မှုတွင် KTLA ဘက်က ပြန်လည်ပစ်ခတ်ခြင်းမျိုး မရှိဟုလည်း ၎င်းကဆိုသည်။

KNU တပ်မဟာ (၄) ဘိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကမူ ဇူလိုင် ၁၂ရက်က ဆေးပစ္စည်း သယ်ဆောင်မည့် ကရင်ကျန်းမာရေးဌာနကားကို KTLA တပ်ဖွဲ့ဝင်များက ပစ်ခတ်တားမြစ်ခဲ့ပြီး ခရီးသွားပြည်သူများ ၏ ကားများကိုလည်း တားဆီးခြိမ်းခြောက်နေသဖြင့် ဇူလိုင်လ ၁၅ ရက်နေ့တွင် KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်ရင်း (၁၀) က သွားရောက်ပစ်ခတ်ခဲ့ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ကရင်သတင်းဌာန-KIC တွင် ဖြေကြားထားသည်။

အရှေ့တောဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိတစ်ဦးက ကရင်လက်နက်ကိုင်နှစ်ဖွဲ့စလုံးမှာ နယ်မြေ စိုးမိုးလိုမှုနှင့် နယ်မြေဖြတ်သန်းသွားလာခွင့်စသည့်ကိစ္စအပြင် ယခင်ကတည်းက မကျေလည်မှုများကြောင့် ယခုကဲ့သို့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများအထိ ဖြစ်လာခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“သူတို့ကို အားကိုးပြီး‌လာနေပါတယ်ဆိုကာမှ ကရင်လက်နက်ကိုင်နှစ်ဖွဲ့က အချင်းချင်းတိုက်နေကြတာဆိုတော့ ကိုယ့်လူတွေ ကြားညှပ်မှာ စိုးရတာပေါ့” ဟု ၎င်းက ပြောသည်။

ကရင်လက်နက်ကိုင်နှစ်ဖွဲ့၏ စစ်ရေးတင်းမာနေမှုကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်သာ အဖြေရှာကြရန် တိုင်းအတွင်းနေ ကရင်ပြည်သူများနှင့် ပြည်ပရောက် ကရင်အဖွဲ့အစည်း ၄၆ ဖွဲ့က တောင်းဆိုထားကြသည်။