ဖမ်းဆီးခံထားရသည့် ကံပေါက်ဈေးက ကုန်စုံဆိုင်ပိုင်ရှင်မိသားစုနှင့် အလုပ်သမားများပြန်လွတ်

0
2578
ပုံစာ - ကံပေါက်ကျောက်တိုင်လမ်းဆုံ

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် မောရဝတီရေတပ်က ဖမ်းဆီးထားသည့် ကံပေါက်ဈေးက ကုန်စုံဆိုင်ပိုင်ရှင် မိသားစုဝင်လေးဦးနှင့် အလုပ်သမားနှစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၀ ရက် နေ့လယ်ပိုင်းတွင် ပြန်လွတ်လာခြင်းဖြစ်‌ကြောင်း ၎င်းက ဆိုသည်။

“နေ့လယ် ၁၂ နာရီလောက်မှာ ရေတပ်က ကားနဲ့ လာပို့ပေးသွားတယ်” ဟု ပြန်လွတ်လာသည်ကို မျက်မြင်တွေ့ခဲ့ရသည့် ကံပေါက်ဈေးအတွင်း နေထိုင်သူတစ်ဦးက ပြောဆိုသည်။

၎င်းတို့ ခြောက်ဦးအား ဇူလိုင်လ ၁၅ ရက် ညနေပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ၅ ရက်ကြာ စစ်ဆေးခံရပြီးနောက် ပြန်လွတ်လာခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရစဉ် ရိုက်နှက်စစ်ဆေးခံရခြင်း မရှိကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

ဇူလိုင်လ ၁၅ ရက်က ကံပေါက်သစ်တောလမ်းဆုံတွင် မိုင်းတွေ့ရှိပြီးနောက် ကုန်စုံဆိုင်ပိုင်ရှင်နှင့် လျှပ်စစ် ပစ္စည်းဆိုင်ပိုင်ရှင် အပါအဝင် ဒေသခံကိုးဦး ဖမ်းဆီးခံခဲ့ရပြီး ခုနစ်ဦးပြန်လည်လွတ်မြောက်လာပြီဖြစ်ဖြစ်သည်။

လျှပ်စစ်ပစ္စည်းပိုင်ရှင် အမျိုးသမီးတစ်ဦးနှင့် ဝမ်းကွဲညီအစ်မတော်စပ်သူ တို့မှာ မောရဝတီရေတပ်တွင် စစ်ဆေးခံနေရဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။