သေမင်းတံခါးဝ တွန်းပို့ခံနေရတဲ့ ကလေးတွေ

0
2395

အိမ်နီးချင်းတွေ ဖျားနေပြီဆို ဒေါ်အေးခေါင်းမီးတောက်ရပြီ။ သွေးလွန်တုပ်ကွေးကြောင့်များလားပေါ့။

“ဟဲ့…နင်တို့အိမ်က ကလေးတွေဖျားနေကြတယ်ဆို သွေးလွန်တုပ်ကွေးလား”

ဒီလိုလိုက်မေးဖန်များလို့ ‌မျက်မုန်းကျိုးမယ်ဆိုလည်း ကျိုးလောက်ပါရဲ့။

လောင်းလုံးမြို့နယ်က ဒေါ်အေးတို့ရွာမှာ သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံတင်ရတဲ့ကလေး ဇွန်လ တစ်လထဲကို ၂၀ ကျော်နေပြီ။

သွေးလွန်တုပ်ကွေးဆိုတာကလည်း သိတဲ့အတိုင်း တစ်ယောက်ဖြစ်ရင် ပတ်ဝန်းကျင်ကပါလူတွေကူးကုန်တာ။  ခြင်ကပေါပါဘိနဲ့။ မိုးရာသီမဟုတ်လား။

နွေရာသီကတည်းက ခေါင်းထောင်လာတဲ့ သွေးလွန်တုပ်ကွေးက မိုးရာသီရောက်လာတော့ ထိန်းမနိုင်တဲ့အခြေအနေ ရောက်နေပေပြီ။

“အခုက ကလေးတွေ ဖျားလိုက်တာကလည်း ပြောမနေနဲ့။ ဖျားလိုက်ရင်လည်း သွေးလွန်တုပ်ကွေးဆိုတာချည်းပဲ” လို့ ဒေါ်အေးကဆိုပါတယ်။

သွေးလွန်တုပ်ကွေးဖြစ်နေကြတာ ဒေါ်အေးတို့တစ်ရွာတည်းတော့မဟုတ်။ ထားဝယ်ခရိုင်က ကျေးရွာတိုင်းလိုလိုမှာဖြစ်နေကြတာပါ။

လက်ရှိထားဝယ်ဆေးရုံမှာ သွေးလွန်တုပ်ကွေး ကလေးလူနာ တစ်ရာဝန်းကျင်လောက်ကုသနေရတယ်လို့ ဇမ္ဗူသီရိအဖွဲ့ဥက္ကဌ ဦးနိုင်မျိုးသွင်ကဆိုပါတယ်။

ထားဝယ်ခရိုင်ထဲ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုဟာလည်း အရမ်းများပြားနေတယ်လို့  ဦးနိုင်မျိုးသွင်ကဆိုပါတယ်။

“အရင်တုန်းကဒီလိုမျိူး တစ်ခါမှကိုမကြားဖူးဘူး။ အရင်ကလည်း သွေးလွန်တုပ်ကွေးဆိုတာ ဖြစ်နေကြပါ။ ဒါပေမဲ့ အခုလိုမျိုးတော့ မကြုံဖူးသေးဘူး” လို့ သူကဆိုပါတယ်။

ပုဂ္ဂလိကဆေးရုံတွေမှာလည်း ကုသနေကြတဲ့သူတွေရှိပါသေးတယ်။

ဒေသတွင်း ပရဟိတ အရေးပေါ်လူနာတင်ယာဉ် အသင်းတွေရဲ့အဆိုအရ သွေးလွန်တုပ်ကွေးလူနာတွေဟာ ထားဝယ်ပြည်သူ့ဆေးရုံထက် ပုဂ္ဂလိကဆေးရုံတွေကိုပြီး သွားရောက်ကုသလေ့ရှိတယ်လို့ဆိုပါတယ်။

“လူနာတွေက အပြင်ဆေးရုံတွေပဲပို့ခိုင်းတာများတယ်။ အပြင်ဆေးရုံတွေမှာ လူပြည့်နေလို့ လက်မခံဘူးဆိုမှ ထားဝယ်ဆေးရုံသွားကြတာ” ဟု ထားဝယ်မြို့နယ်က ပရဟိတအရေးပေါ်လူနာယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။

ဒါကလည်း စစ်အာဏာသိမ်းပြီးနောက်မှာ ထားဝယ်ပြည်သူ့ဆေးရုံမှာ ဆရာဝန်မရှိတာ၊ ကုသမှုရပ်ဆိုင်းထားတာတွေ ရှိခဲ့တာကြောင့် လူတွေက အရေးပေါ်အခြေအနေမှာ သေချာတဲ့နေရာကိုပဲ အားထားပြီး သွားနေကြတာပါ။

ဒေသတွင်း ပရဟိတအဖွဲ့တွေ၊ ပြည်သူတွေက သွေးလွန်တုပ်ကွေးဖြစ်ပွားမှူများပြားနေတာနဲ့ပတ်သက်ပြီး စိုးရိမ်နေကြပေမယ့် ကျန်းမာရေးဌာကတော့ နှာစေးနေပါတယ်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအခြေအနေ ဘယ်လောက်ရှိတယ်ဆိုတာကို အတိအကျ သိရဖို့ တနင်္သာရီတိုင်း သွေးလွန်တုပ်ကွေးဌာနက တာဝန်ရှိသူဆီ Dawei Watch က ဖုန်းအကြိမ်ကြိမ်ဆက်၊ Viber ကနေ စာအကြိမ်ကြိမ်ပို့ မေးမြန်းပေမယ့် ပြန်မဖြေပါဘူး။

တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာကိုလည်း မေးမြန်းခဲ့ပါသေးတယ်။

“သွေးလွန်တုပ်ကွေးဌာနကိုပဲ မေးပါနော်။ ဒီကိစ္စဖြေလို့ သိပ်အဆင်‌မပြေလို့” ဟု တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

တိုင်းသွေးလွန်တုပ်ကွေးဌာန၊ ထားဝယ်ဆေးရုံအုပ်တို့ဆီ ဖုန်းအကြိမ်ကြိမ်ဆက်ပြီး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အခြေအနေ‌အကြောင်း မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းဆက်တိုင်း “စည်းဝေးထဲမှာမို့ပါ” ဟုသာဖြေဆို‌ကြပါတယ်။

အချို့သွေးလွန်တုပ်ကွေးရောဂါ စစ်ဆေးတွေ့ရှိသူတွေကို ရန်ကုန်ဆေးရုံကို မကြာခဏအရေးပေါ်လူနာအဖြစ် လွှဲပြောင်းပေးနေရတယ်လို့လည်း ဒေသတွင်း ပရဟိတအဖွဲ့တွေကဆိုပါတယ်။

“ထားဝယ်မှာမနိုင်လို့ ရန်ကုန်ကို အရေးပေါ်လွှဲရတာတွေ ခဏခဏပဲ” လို့ ဒေသတွင်း ပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

နယ်ကျေးရွာတွေမှာ ကျန်းမာရေးဝန်ထမ်းမရှိတာကြောင့် သွေးလွန်တုပ်ကွေးရောဂါမှန်းမသိကြ။ အရေးပေါ်ဖြစ်လာမှ ဆေးရုံတင်ကြသူတွေများတာကြောင့် ရောဂါကျွမ်းပြီး အရေးပေါ်လူနာတွေ များပြားနေရတာလို့ဆိုပါတယ်။

ဒေသတွင်း ပရဟိတအဖွဲ့တွေရဲ့အဆိုအရ မေလကနေ ဇူလိုင်လ ဒုတိယအပတ်အထိ ထားဝယ်ခရိုင်ထဲ သွေးလွန်တုပ်ကွေးနဲ့သေဆုံးသူ ဆယ်ဦးထက်မနည်းရှိနေပြီလို့ ဆိုကြပါတယ်။

Dawei Watch အနေနဲ့ကတော့ လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာက ကလေးတစ်ဦး၊ ရေဖြူမြို့နယ် ရေဖြူမြို့အနောက်ဘက်ကမ်း ရော်ဘာတောထဲက ကလေးတစ်ဦး သွေးလွန်တုပ်ကွေးနဲ့ သေဆုံးသွားတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

“ကျွန်တော်တို့ကို ခြင်ဆေးဖျန်းဖို့လာခေါ်ကြတယ်။ အဲဒီမှာမှ ပြီးခဲ့တဲ့နေ့က ဆေးရုံကိုတောင် အချိန်မီမတင်နိုင်တော့ဘူး ဆုံးသွားတာ အဲလိုမျိုးပြောကြတယ်” လို့ အမည်မဖော်လိုတဲ့ ပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူတို့ထဲမှာလည်း သွေးသွင်းကုသရတဲ့လူနာတွေက စံချိန်တင်လောက်အောင်ကို များပြားနေတယ်လို့ သွေးလှူရှင်အသင်းတွေကဆိုကြပါတယ်။

သွေးလှူရှင်အသင်းတစ်သင်းဟာ တစ်နေ့ကို အနည်းဆုံးသွေးဆယ်ပုလင်း လှူပေးနေရတယ်လို့ဆိုပါတယ်။

ထားဝယ်မြို့မှာ သွေးလှူရှင်အသင်း လေးသင်းလောက်ရှိတာကြောင့် အားလုံးပေါင်းရင် တစ်နေ့ သွေးပုလင်း ၄၀ လောက်လှူပေးနေရတယ်လို့ သွေးလှူရှင်အသင်းတွေထံက သိရပါတယ်။ အဲဒီပမာဏဟာ သွေးလွန်တုပ်ကွေးဖြစ်တဲ့သူတွေအတွက် သီးသန့်လှူပေးရတဲ့ သွေးပုလင်းအရေအတွက်ဖြစ်ပါတယ်။

ဒီလိုတစ်နေ့ သွေးပုလင်းဆယ်ချီလှူပေးနေရတာ တစ်လလောက်ရှိပြီလို့လည်းဆိုကြပါတယ်။

“တစ်ခြားသွေးအားနည်း ရောဂါတွေထက်ကို သွေးလွန်တုပ်ကွေးအတွက်က ပိုပြီးလှူပေးနေရတယ်အခုကလေ။ တစ်ချို့ သွေးလွန်တုပ်ကွေးဖြစ်တဲ့သူဆို အနည်းဆုံး နှစ်ပုလင်းကနေ ရှစ်ပုလင်းအထိပေးရတာတွေရှိတယ်” လို့ ထားဝယ်မြို့ပေါ်က သွေးအလှူရှင်အသင်းတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ဒီနှစ်မှာတော့ မိုးရာသီမစခင်ကတည်းက သွေးလွန်တုပ်ကွေးလူနာတွေအတွက် သွေးလှူပေးနေရတယ်လို့ ထားဝယ်မြို့က သွေးလှူရှင်အသင်းတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ရောဂါအခြေအနေဆိုးမှ၊ အချိန်နောက်ကျမှ ဆေးရုံတက်ကုသသူတွေဟာ ရောဂါတစ်ဆင့်တက်သွားပြီ ဖြစ်တာကြောင့် သွေးသွင်းကုသရလေ့ရှိပါတယ်။

ရန်ကုန်ဆေးရုံကို မကြာခဏ အရေးပေါ်လူနာလွှဲပြောင်းပေးနေရတာ၊ သွေးသွင်းကုသပေးရတဲ့ လူနာများပြားလာနေတာဟာ  သွေးလွန်တုပ်ကွေးဖြစ်ပွားသူတွေထဲမှာ ရောဂါပြင်းထန်တဲ့သူတွေ များပြားနေတာလို့ ယေဘုယျ ကောက်ချက်ဆွဲနိုင်ပါတယ်။

ဒေသတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုက စိုးရိမ်ရတဲ့ အနေအထားလို့ ပြောနိုင်တဲ့အခြေအနေရှိပေမယ့် ကျန်းမာရေးဌာနအနေနဲ့ကတော့ အဲဒီအပေါ် ထိထိရောက်ရောက် ဘာမှတုန့်ပြန် ဆောင်ရွက်တာမျိုး မတွေ့ရဘူးလို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။

‌ခြင်းဆေးဖြန်းတာ၊ အဘိတ်ဆေးခတ်တာ၊ ဖုန်းသွန်းလဲစစ်လုပ်တာတွေကို မြို့ပေါ်နေရာအချို့မှာ ကျန်းမာရေးဌာနက လုပ်တာတွေ့ရပေမယ့် အများစုကတော့ ပရဟိတအဖွဲ့တွေ၊ ကြက်ခြေနီအဖွဲ့တွေကပဲ အဲဒီအလုပ်တွေကို လုပ်နေကြတာလို့ဆိုကြပါတယ်။

“ထားဝယ်မြို့မှာဆိုရင်တော့ တစ်နေ့ကို ခြင်ဆေးမဖြန်းရဘူးဆိုရင် တစ်အိမ်၊ နှစ်အိမ်တော့ နေ့စဉ်ဖျန်းပေးနေရတယ်” လို့ ထားဝယ်မြို့နယ် ကြက်ခြေနီအသင်း တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ခြင်ဆေးဖျန်းရာမှာ ‌သွေးလွန်တုပ်ကွေးဖြစ်ပွားတဲ့ နေအိမ်တွေကိုပဲဖြန်းကြတာပါ။ သွေးလွန်တုပ်ကွေးဖြစ်တဲ့အိမ်နဲ့ ကိုက်တစ်ရာပတ်လည်ကိုခြင်ဆေးဖျန်းပေးရတယ်လို့ဆိုပါတယ်။

ထားဝယ်မြိုနယ် ကြက်ခြေနီအသင်းအနေနဲ့ ထားဝယ်မြို့ပေါ်မှာ ခြင်းဆေးဖြန်းတာ၊ အဘိတ်ဆေးခပ်တာ၊ ဖုန်း၊သွန်း၊လဲ၊စစ် လုပ်တာ၊ အသိပညာပေးတာတွေကိုလည်း လုပ်ဆောင်‌ပေးနေတယ်လို့ဆိုပါတယ်။

နယ်ကျေးရွာတွေဆိုရင်တော့ ဖုန်းဆက်အကူအညီတောင်းခံရင် လိုက်လံလုပ်ဆောင်ပေးတယ်လို့ဆိုပါတယ်။

ဒေသတွင်းက အခြားပရဟိတအဖွဲ့တွေဖြစ်တဲ့ ဇမ္ဗူသီရိအဖွဲ့လိုမျိုး၊ သွေးလှူရှင်အသင်းတွေလည်း ခြင်းဆေးဖျန်းတာ၊ အဘိတ်ဆေးခပ်တာတွေကို လိုက်ပါလုပ်ဆောင်ပေးနေကြပါတယ်။

ဒါပေမဲ့ အလှူရှင်တွေအကူအညီနဲ့ ရပ်တည်နေရတဲ့ ပရဟိအဖွဲ့တွေမှာလည်း ငွေရေးကြေးရေးအခက်အခဲကြောင့် အကန့်အသတ်နဲ့သာလုပ်ဆောင်နိုင်ကြပါတယ်။

အခုဆိုရင် သွေးလှူရှင်အသင်းတွေမှာ သွေးလာရောက်လှူဒါန်းတဲ့သူတွေနည်းပါးလာနေကြပြီလို့ ညီးတွားနေကြပါတယ်။

“သွေးကတော့ အခုဆိုပိုရှာရခက်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်က သွေးတစ်ခါလှူပြီးရင် လေးလနားရတာလေ။ (လှူမယ့်သူက)အလုပ်ထဲမှာဖြစ်နေတာနဲ့ ဂိတ်ကိုမဖြတ်ရဲတဲ့သူနဲ့ဆိုတော့ ရှာရဖွေရတာ တော်တော်ပင်ပမ်းတယ်” လို့ သွေးလှူရှင်အသင်းတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ဒေသတွင်းပရဟိတအဖွဲ့တွေက လတ်တလေားဖြစ်ပွားနှုန်းများနေတဲ့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး နိုင်အားရှိသလောက် ရုန်းကန်‌နေကြပါတယ်။

ကျန်းမာရေးဌာနအနေနဲ့ အဘိတ်ဆေးလိုမျိုး အကူအညီလိုအပ်တာတွေကို ကူညီနိုင်ပေမယ့် ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်တာ အားနည်းတယ်လို့ ဒေသတွင်း ပရဟိအဖွဲ့တွေက ဝေဖန်ကြပါတယ်။

ပရဟိတအဖွဲ့တွေအနေနဲ့ ကျန်းမာရေးကိစ္စဝင်ကူတဲ့နေရာမှာ ကျန်မာရေးဆိုင်ရာ သတ်မှတ်စံချိန်၊ စံညွန်းတွေကို လိုက်နာရမယ့်အပိုင်းတွေရှိတာကြောင့် ကျန်းမာဌာနရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့ဆိုကြပါတယ်။

ဥပမာ ခြင်းဆေးဖျန်းမယ်ဆို ဘယ်အတိုင်းအတာအထိ၊ အဘိတ်ဆေး ဘယ်လောက်ပမာဏ စတဲ့ စံသတ်မှတ်ချက်တွေကို သိဖို့လိုအပ်တာမျိုးကိုဆိုလိုတာပါ။

“ကျန်းမာရေးဌာနအနေနဲ့ ပရဟိအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအပိုင်း အားနည်းတယ်လို့မြင်တယ်” လို့ ဦးနိုင်မျိူးသွင်ကဆိုပါတယ်။

နယ်ကျေးရွာတွေထက်စာရင် ထားဝယ်မြို့ပေါ်ဟာ စစ်ရေးပဋိပက္ခဖြစ်ပွားမှု မရှိသလောက်ပါပဲ။

ဒါပေမဲ့ မြိုပေါ်နေရာမှာတောင် သွေးလွန်တုပ်ကွေးဖြစ်ပွားနေတဲ့နေရာတိုင်းကိုကျန်းမာရေးဌာနအနေနဲ့ သွားရောက်စစ်ဆေး မှတ်တမ်းယူနိုင်မျိုး မရှိဘူးလို့ မြို့ခံတွေကဆိုပါတယ်။

“ကျွန်မတို့ဆို ဖြစ်ရင်ဆေးခန်းပဲ။ အရင်ကလို ကျန်းမာရေးဌာနအားကိုးနေလို့မရတော့ဘူး” လို့ မြို့ခံတစ်ဦးကဆိုပါတယ်။

နေမကောင်းလို့ ဆေးခန်းသွားပါပြရင် သုံးလေးရက်စောင့်ကြည့်ပြီး ဆက်ဖျားနေတဲ့ လူတိုင်းကို ဆေးခန်းက သွေးလွန်တုပ်ကွေး စစ်ဆေးပေးကြတယ်လို့ အဲဒီမြို့ခံကဆိုပါတယ်။

ဆေးရုံ၊ ဆေးခန်းမပြောနဲ့ ကျန်းမာရေးဝန်ထမ်းတောင် လောက်လောက်လားလားမရှိတဲ့ ဒေါ်အေးတို့နယ်ကျေးရွာတွေမှာတော့ ဆေးမြီးတိုနဲ့ကု မပျောက်မှ ဆေးရုံတင်ဖို့ ပြေးနေကြရပါတယ်။

အာဏာမသိမ်းခင်းတုန်းကလို ဖုန်း၊သွန်၊လဲ၊စစ် လည်းမလုပ်ကြ၊ အဘိတ်ဆေးလာခပ်ပေးမယ့် သူလည်းမရှိတဲ့ အခြေအနေကို နယ်ကျေးရွာတိုင်းနီးပါးရင်ဆိုင်နေကြရပါတယ်။

ပြည်သူလူထုက သွေးလွန်တုပ်ကွေး အန္တရာယ်ကို ကြောက်ရွံ့ပြီး ကိုယ်သိသလောက်၊ တတ်သလောက်နဲ့ ကာကွယ်ဖို့ ကြိုးစားနေကြတာပါ။

ဒါပေမဲ့ကျန်းမာရေး ဌာနကတော့ မသိတာလား၊ သူတို့နဲ့ မဆိုင်ဘူးလို့ ထင်နေတာလား၊ အထက်ကမခိုင်းလို့ လုပ်စရာမလိုဘူးလို့ ထင်နေတာလားမသိ။

ကာကွယ်မှုအားနည်းတော့ ဖြစ်ပွားမှုတိုးလာ၊ ကုသရေးမှာလည်း လူမရှိဆိုတော့ ကလေးတွေကို သေမင်းတံခါးဝတွန်းပို့ နေသလိုပင်။ ပြည်သူတွေကတော့ ဘယ်သူ့ကို အားကိုးလို့အားကိုးရမယ်မသိ။ စိုးရိမ်နေရုံမှတစ်ပါး အခြားမရှိတော့။

“အရင်ကသူများရွာမှာ၊ အခု ကိုယ့်ရွာထဲဖြစ်လာပြီး အယောက်နှစ်ဆယ်ကျော်ပြီဆေးရုံတက်နေရတာ၊ ဘယ်နေ့ကိုယ့်ခြံထဲ ဒီရောဂါရောက်လာမလဲမသိဘူးဆိုပြီး စိုးရိမ်နေရတယ်” လို့ လောင်းလုံးမြို့နယ်သူ ဒေါ်အေးက ပြောဆိုလိုက်ပါတယ်။