မွန် မြို့နယ်သုံးခုတွင် ရေကြီးရေလျှံ

0
4099

မွန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအချို့တွင် ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းကစပြီး ရေကြီးရေလျှံနေကြောင်း ဒေသခံအချို့က ပြောသည်။

ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် ရေကြီးရေလျှံနေသည့်အပြင် ကားလမ်းရေကျော်မှုများလည်း ဖြစ်ပွားနေကြောင်း ၎င်းတို့က ဆိုသည်။  

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းလာသည့်အတွက် ရေးမြို့နယ်၊ ဟံဂံကျေးရွာအတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်တို့တွင် ယနေ့ နံနက်ပိုင်းကစပြီး ရေကြီးရေလျှံသဖြင့် ပြည်သူအချို့ ဘေးလွတ်ရာသို့ စတင်ပြောင်းရွှေ့နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

“လက်ရှိက လမ်းပေါ်မှာ ရေက သုံး လေး ပေလောက်ရှိတယ်။ အဓိက အနိမ့်ပိုင်းတွေက ရေဝင်နေတာပေါ့။ ရေကတော့ တိုးလာနေတဲ့အတွက် တချို့ အနိမ့်ပိုင်းကလူတွေက စပြီးတော့ ပြောင်းရွှေ့နေကြရတယ်” ဟု ဟံဂံဒေသခံတစ်ဦးက ပြောသည်။

အလားတူ မုဒုံမြို့နယ် မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပိုင်း နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်းရွာကြား၊ ကွမ်လှာကျေးရွာနှင့် ဖောင်စိန်ကျေးရွာကြားက ကားလမ်းပိုင်းတချို့တွင် ရေကျော်မှုဖြစ်ပွားနေကြောင်း ဒေသခံတို့က ဆိုသည်။

လက်ရှိတွင် ကားလမ်းရေကျော်နေသည့်နေရာတွင် ကားငယ်များ၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာလျှင် အန္တရာယ်ရှိနိုင်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“မိုးက မနေ့ကတည်းက ဆက်တိုက်ရွာနေတာ။ မိုးကြီးတော့ တောင်ကျရေတွေပါ ကျလာတော့ ကားလမ်းရေကျော်တာပေါ့။ ရေစီးကသန်တော့ ကားအသေးတွေ ဆိုင်ကယ်တွေအတွက်က အန္တရာယ်ရှိနိုင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေကြီးရေလျှံနေသည့် ကားလမ်းပိုင်းနေရာတို့တွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာနေပြည်သူများ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့တို့က ကားများ၊ ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ရန် ကူညီဆောင်ရွက်ပေးနေကြောင်း ဒေသခံတို့က ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒ၏ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးနိုင်ပြီး နောက်နှစ်ရက်အထိ မိုးဆက်လက်ပိုနေမည်ဟု ခန့်မှန်းထားသည်။