တနင်္သာရီတိုင်းတွင် စပါးဖျက်ရွှေခရုကျရောက်မှုပိုများလာ

0
1714

တနင်္သာရီတိုင်းရှိ လယ်ကွက်များထဲသို့ စပါးဖျက်ရွှေခရု ကျရောက်မှု ယခုနှစ်တွင် ပိုများလာသည်ကို‌တွေ့ရကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ရွှေခရုကျရောက်မှုများလာသည့်အပြင် ရွှေခရုကျရောက်သည့် နေရာများပါ ပိုကျယ်ပြန့်လာကြောင်း ဒေသခံများထံမှ သိရသည်။

မြိတ်မြို့တွင် ၂၀၁၉ ခုနှစ်ကတည်းက ရွှေခရုစတင်တွေ့ရှိခဲ့ပြီး သတိပေးခဲ့သော်လည်း နှိမ်နင်းမှုအပိုင်းတွင် အားနည်းခဲ့ ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်‌ရေးတာဝန်ခံက ပြောသည်။

တောင်သူများမှာ ဖမ်းယူစားသုံးသူများကြပြီး ဟင်းအမယ်အဖြစ် ရှုမြင်ကြသဖြင့် နှိမ်နင်းရာတွင် အားနည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အခုဆိုရင် မြိတ်မှာ (ရွှေခရုနဲ့ ပတ်သတ်ပြီး) သဲကြီးမဲကြီး ဖြစ်လာပြီ” ဟု ၎င်းက ဆိုသည်။

၂၀၁၉ တွင် မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုရှိ လယ်တို့တွင် ရွှေခရုဖျက်ဆီးသဖြင့် လယ်ကွင်းတစ်ခုလုံး ပျက်စီးသည့် အနေအထားရှိခဲ့ဖူးကြောင်း ၎င်းက ပြောဆိုသည်။

ထားဝယ်မြို့နယ်ရှိ ဇဟာကျေးရွာတွင်လည်း နွေစပါးစိုက်တောင်သူအချို့တွင် ရွှေခရုဖျက်ဆီးသဖြင့် လယ်ကွင်းတစ်ခု လုံး ပျက်စီးသဖြင့် စပါးပြန်ပြန်စိုက်နေရသည့် အနေအထားရှိခဲ့ကြောင်း ဆိုသည်။

ထားဝယ်မြို ကျောက်မော်ရပ်ကွက်ရှိ လယ်ကွက်များထဲတွင်လည်း ရွှေခရုများကျရောက်လေ့ရှိကြောင်း ၎င်းက ပြောသည်။

ထားဝယ်ခရိုင်တွင် ထားဝယ်နှင့် လောင်းလုံးမြို့နယ်တို့တွင် ရွှေခရုကျရောက်မှု ယခုနှစ်တွင် ပိုများလာသည်ကို တွေ့ရကြောင်း အထက်ပါတာဝန်ခံက ပြောဆိုသည်။

၂၀၁၈ ခုနှစ်က လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာတွင် လယ် ၃၀ ဧကခန့် ရွှေခရုစတင်ဖျက်ဆီးခြင်းခံရဖူးသည်။ ၂၀၁၉ ခုနှစ်တွင် လယ် ၇၀ ဧက ဖျက်ဆီးခံရပြန်သည်။

ထိုအချိန်က ထားဝယ်မြို့နယ်တွင် ဇဟာကျေးရွာ၊ လောင်းလုံးမြို့နယ်တွင် မင်းရပ်ကျေးရွာတို့တွင်သာ ရွှေခရုကျရောက်ဖျက်ဆီးသဖြင့် လယ်ပျက်စီးမှုရှိခဲ့သည်ဟုဆိုနိုင်သည်။

လက်ရှိ ၂၀၂၃ ခုနှစ်တွင်မူ ထားဝယ်မြို့နယ်တွင် ဇဟာအပြင် အခြားကျေးရွာများအထိ ရွှေခရုပျံနှံ့နေပြီး လောင်းလုံးမြို့နယ်တွင်မူ နေရာတိုင်းနီးပါး ပျံ့နှံ့နေကြောင်း တောင်သူအချို့က ပြောဆိုကြသည်။

“အဲဒီအကောင်တွေက ရွာတိုင်းလိုလိုမှာ တွေ့ရတယ်” ဟု လောင်းလုံးမြို့နယ် ကဒက်ငယ်ဆိပ်ကျေးရွာက လယ်သမားတစ်ဦးက ဆိုသည်။

ကော့သောင်းမြို့နယ်တွင်လည်းအလားတူ ရွှေခရုကျရောက်မှု ပိုများလာကြောင်း တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံက ပြောသည်။ ကော့သောင်းမြို့တွင် ရွှေပြည်စိုးကျေးရွာတွင် ရွှေခရု‌ကျရောက်မှုပိုများသည်ကို တွေ့ရသည်ဟုဆိုသည်။

တိုင်းအတွင်း ရွှေခရုကျရောက်မှုပိုများ‌လာသော်လည်း လယ်ဧကမည်မျှတွင် ကျရောက်နေပြီး မည်မျှပျက်စီးသွားသည် ဆိုသည့် ကိန်းဂဏန်းအချက်အလက် အတိအကျကိုမူ မသိရပေ။

သို့သော် ၂၀၁၉ ခုနှစ်ကနှင့် နှိုင်းစာပါက ယခု ၂၀၂၃ တွင် တိုင်းအတွင်း ရွှေခရု‌ကျရောက်သည့်လယ်ပိုများလာကြောင်း တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံက ပြောဆိုသည်။

“၂၀၁၉ ခုနှစ်တုန်းက ရွှေခရုကာကွယ် နှိမ်နင်းရေးတွေပြောခဲ့တယ်။ ဒါပေမဲ့ တောင်သူတွေက အဲဒီလောက်ကြီး လိုက်လုပ်တာမျိုး မရှိဘူး။ အခုကျ‌တော့ နေရာတိုင်းနီးပါးတွေ့လာတယ်” ဟု ၎င်းကပြောသည်။

ရွှေခရုသည် မျိုးပွားနှုန်းများသည်။ တစ်လသားအရွယ်စပါးပင်ကို အမြစ်မှ ကိုက်ဖြတ်စားသောက်ကြသည်။

ယင်းအတွက်ကြောင့် ရွှေခရုကိုတွေ့လျှင် ပေါ့ဆမနေဘဲ အမြန်ဆုံး နှိမ်နင်းသင့်ကြောင်း တိုင်းသီးနှံကာကွယ်ရေး တာဝန်ခံက ဆိုသည်။

တိုင်းစိုက်ပျိုးရေးဦးစီးဌာနအနေနှင့်လည်း အသိပညာပေးများကို ခရိုင်အလိုက် လုပ်ဆောင်မည်ဖြစ်ပြီး လတ်တလော ကော့သောင်းခရိုင်တွင် လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ဆိုသည်။

နောက်ပိုင်းတွင် မြိတ်နှင့် ထားဝယ်ခရိုင်တို့တွင် ဆက်လုပ်ဆောင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး တာဝန်ခံက ပြောဆိုသည်။