ထားဝယ် ဇဟာရွာအနီးတွင် စစ်ကောင်စီတပ်ကား တိုက်ခိုက်ခံရ

0
5852
ဓာတ်ပုံ - DGRF

ထားဝယ်မြို့နယ် ဇဟာကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကားတစ်စီးကို DGRF က ဇူလိုင်လ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့က ဇူလိုင်လ ၁၂ရက်တွင် ထုတ်ပြန်ထားသည်။

ဇဟာရွာအခြေစိုက် အမြောက်တတပ် (၃၀၂) တပ်ရင်းက ရေး-ထားဝယ်ကားလမ်းအတိုင်း ထွက်လာသည့် စစ်ကောင်စီတပ်ကားကို Dawei Guerrilla Revolutionary Force-DGRF၊ တပ်ခွဲ ၂ (ထားဝယ်-ပကဖ) က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ကျည်ဆန်ထိမှန်ခဲ့ပြီး ကားမှာ လမ်းဘေးထိုးဆင်းသွားကြောင်း ရုပ်သံမှတ်တမ်းဖြင့်တကွ ထုတ်ပြန်ထားသည်။

လက်နက်သွားကောက်ရန် ကားအနီးသို့ ချဉ်းကပ်စဉ် ‌အမြာက်တပ်ရင်းထဲက စစ်ကောင်စီတပ်သားများက လယ်ကွင်းကို ဖြတ်ပြီး စစ်ကူလာခြင်းနှင့် DGRF အဖွဲ့ဘက်က လက်နက်ချို့ယွင်းမှုဖြစ်သွားသဖြင့် ပြန်လည်ဆုတ်ခွာလာရကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပစ်ခတ်မှုဖြစ်စဉ် နှစ်မိနစ်ခန့်အကြာလောက်မှာ တပ်ရင်းထဲကနေပြီး လယ်ကွင်းဖြတ်ပြီးပစ်ပစ်ပြီး ဆင်းလာတာပါ။ ပစ်ခတ်မှုနေရာနဲ့ တပ်ရင်းက ၃မိနစ် လမ်းလျှောက်အကွာအဝေးလောက်ရှိတယ်ဗျ” ဟု ၎င်းက ဆိုသည်။

တိုက်ခိုက်ခံရမှုကြောင့် လမ်းဘေးထိုးကျသွားသည့် စစ်ကောင်စီတပ်ကား လမ်းဘေးထိုးကျနေပြီး အလောင်းသုံးလောင်းတွေ့ရသည်ဟု မျက်မြင်တွေ့သူအချို့၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသခံတစ်ဦးက ပြောဆိုသည်။

ပစ်ခတ်တိုက်ခိုက်ခံရသည့်ကားပေါ်တွင် စစ်ကောင်စီတပ်သား ငါးဦးလိုက်ပါလာပြီး အရာခံဗိုလ်တစ်ဦးနှင့် တပ်ကြပ်ကျော်ကျော်ဦး အပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသည်ဟု DGRF ၏ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြသည်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်သည့်နေရာအနီးတွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ထန်းရည်တဲတစ်လုံးကိုလည်း မီးရှို့ဖျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပစ်ခတ်တိုက်ခိုက်ခံရသည့် နေရာသည် ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်နှင့် တစ်မိုင်စွန်းစွန်းအကွာအဝေးတွင် တည်ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်ကလည်း ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်ကို DGRF အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။