ထိုင်းနိုင်ငံရေးဂယက်ကြောင့် ရနောင်းပို့သည့် မြိတ်ရေထွက်ကုန်ဈေး ထက်ဝက်နီးပါးကျဆင်း

0
1777

လတ်တလောဖြစ်ပေါ်နေသည့် ထိုင်းနိုင်ငံရေး အပြောင်းအလဲဂယက်ကြောင့် ရနောင်းသို့ တင်ပို့ရောင်းချနေကြသည့် မြိတ်ဒေသထွက် ရေထွက်ကုန်ဈေးနှုန်း ထက်ဝက်ခန့် ဈေးကျဆင်းနေကြောင်း မြိတ်အခြေစိုက်ရေလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။

ဇွန်လအတွင်းမှစပြီး လက်ရှိအချိန်အထိ ဈေးနှုန်းများ ထက်ဝက်ခန့်ကျဆင်းနေခြင်းဖြစ်ကြောင်း ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူအချို့က ပြောသည်။

“ငါးဈေးက အရင်ရနေတဲ့ဈေးထက် သုံးဆယ်ကနေ ငါးဆယ်ပါဆင့်(ရာခိုင်နှုန်း)အထိ ကျသွားတာ။ သူတို့နိုင်ငံက စီးပွားရေး သမားတွေက နိုင်ငံရေးအပြောင်းအလဲမှာ စီးပွားရေးမလုပ်ရဲကြဘူး။ နိုင်ငံရေးအခြေအနေကိုပဲ ကြည့်နေကြတာကိုး” ဟု ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူတစ်ဦးက ပြောဆိုသည်။

နိုင်ငံရေးအပြောင်းအလဲကြောင့် ရနောင်းငါးဈေးအပြင် စက်ရုံ၊ အလုပ်ရုံများ ပိတ်သွားမည်ကို ထိုင်းစီးပွားရေး လုပ်ငန်းရှင်တို့က စိုးရိမ်မှုများရှိနေကြောင်း ကမ်းဝေးငါးဖမ်းလှေပိုင်ရှင်အချို့က ဆိုသည်။

“နိုင်ငံရေးမတည်ငြိမ်သေးတော့ တော်ကြာဆူပူတာတွေ ဖြစ်လာမယ်ဆိုရင် စက်ရုံ၊ အလုပ်ရုံတွေ ပိတ်သွားရင် လက်ထဲမှာ ဝယ်ထားတာတွေ ကိုင်မိထားသလိုဖြစ်သွားမယ်။ ကိုင်ထား ဝယ်ထားတော့ ဆုံးရှုံးမှုတွေ ဖြစ်သွားမယ်ပေါ့။ ဒီတော့ ဈေးချပြီး ဈေးပေါပေါနဲ့ပဲ ဝယ်ကြတဲ့သဘောပါ” ဟု ကမ်းဝေးငါးဖမ်းလှေရှင်တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံရေးအပြောင်းအလဲဖြစ်ချိန်နှင့် မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းရာသီပြန်ဖွင့်ချိန်နှင့် တိုက်ဆိုင်နေသဖြင့် ငါးဖမ်းရာသီစချိန်တွင် ငါးဈေးကျခြင်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ကမ်းဝေးငါးဖမ်းလှေပိုင်ရှင်များနဲ့ နီးစပ်သူအချို့က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့မှစပြီး ငါးဖမ်းရာသီအား ပြန်လည်သတ်မှတ်ပေးခဲ့သည့်အတွက် ပင်လယ်ပြင်အတွင်း ငါးဖမ်းခြင်းလုပ်ငန်းတို့အား လုပ်ကိုင်နေကြပြီဖြစ်သည်။

ယခု ၂၀၂၃ ခုနှစ်အတွက် ငါးသားပေါက်ရာသီ (Closed Season) အား ဧပြီ၊ မေ၊ ဇွန်လ သုံးလသတ်မှတ်ခဲ့ပြီး လုပ်ငန်းရှင်များ အခက်အခဲဖြစ်ပေါ်နိုင်ဟုဆိုကာ ဇွန်လတွင် ကမ်းဝေး ဝါးလတ်လှေများ၏ ၃၀ ရာခိုင်နှုန်းအား ငါးဖမ်းဆီးခွင့် ပြုပေးခဲ့ကြောင်း ကမ်းဝေးငါးဖမ်းလှေအသိုင်းအဝိုင်းမှ သိရသည်။

မြိတ်ဒေသထွက် ရေထွက်ကုန်တို့အား ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ငါးဈေးနှင့် စက်ရုံများသို့ ရေကြောင်းမှ အများဆုံး တင်ပို့ရောင်းချလေ့ရှိကြပြီး မြိတ်-ကော့သောင်း ကုန်လမ်းမှတစ်ဆင့် တင်ပို့သူအချို့လည်း ရှိကြကြောင်း ရေထွက်ကုန်များတင်ပို့ရောင်းနေသူ အချို့က ဆိုသည်။

“ငါးဈေးဘယ်လောက်ပဲကျကျ ရွေးချယ်စရာဈေးကွက်က မရှိဘူးဆိုတော့ ရောင်းနေရဦးမှာပဲ။ လောလောဆယ်တော့ငါးဖမ်းတယ်။ သွားရောင်းကြသေးတယ်။ လုံးဝတွက်ခြေမကိုက်ဘူးဆိုရင် တစ်မျိုးစဉ်းစားရမှာပေါ့” ဟုရေထွက်ကုန်များ အရောင်းအဝယ်လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်းက စက်သုံးဆီနှင့် အထွေထွေစရိတ်များ ကြီးမြင့်ခြင်း၊ သားငါးများ ရောင်းရငွေမှ ၆၅ ရာခိုင်နှုန်းအား အစိုးရမှ သတ်မှတ်ပေးသည့် ဈေးနှုန်းဖြင့်လဲလှယ်ရပြီး ကျန်သည့် ၃၅ ရာခိုင်နှုန်းအား တစ်လအတွင်း အသုံးပြုရခြင်း၊ ငါးအရနည်းခြင်း စသည်တို့ကြောင့် ကမ်းဝေးငါးဖမ်းလှေအချို့ ရာသီအပိတ်မတိုင်မီ ရပ်နားခဲ့ရသည်။