ထားဝယ်တွင် Facebook အကောင့်ခိုးပြီး ငွေလိမ်မှု အဖြစ်များလာ

0
1953

လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်သည့် Facebook အကောင့်ကို ခိုး(ဟက်)ယူပြီး ငွေလိမ်မှုများ ထားဝယ်ဒေသတွင် ခပ်စိပ်စိပ်ဖြစ်လာနေကြောင်း စုံစမ်းသိရှိရသည်။

လတ်တလောတွင် ထားဝယ်ဒေသမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ Facebook အကောင့်ကိုခိုးယူပြီး အသိမိတ်ဆွေများထံမှ ငွေလိမ်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အဆိုပါစီးပွားရေးလုပ်ငန်းရှင်၏ မိတ်ဆွေက Facebook မက်စင်ဂျာမှပို့လာသည့် စာနှင့်အတူပါရှိသည့် လင့်ခ်ကို နှိပ်မိရာမှ အကောင့်ခိုးခံရပြီး ငွေလိမ်သွားခြင်းဖြစ်သည်။

ထားဝယ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်ထံ “လူလိမ်ဆိုပြီး Post တင်ခံထားရတာတွေ့တယ်။ တော်တော်တူတယ်။ ဟုတ်မဟုတ်တော့ သေချာမသိဘူး။ တွေ့ပြီးပြီလား။ တွေ့လို့သတိလာပေးတာပါ။ အောက်က Post မှာပါ” ဟုရေးသားထားသည့် စာနှင့်တွဲဖက်၍ အကောင့်လင်ခ်တစ်ခုကို ပေးပို့ခဲ့သည်။

ယင်းလင့်ခ်ကို နှိပ်မိရာမှ Facebook အကောင့်ခိုးယူခံရပြီး စီးပွားရေးလုပ်ငန်းရှင်အကောင့် အပါအဝင် စီးပွားရေးပါတနာငါးဦးခန့်၏ အကောင့်များကိုပါဟက်ကာ အကောင့်ခိုးယူထားသူက အပြန်အလှန် ငွေချေးခဲ့ခြင်းဖြစ်သည်။

ထူးခြားချက်မှာ အကောင့်ဟက်ခံထားရသည့် ကာယကံရှင်များအနေဖြင့် မိမိအကောင့်ခိုးယူခံထားသည်ကို မသိရှိဘဲ ခိုးယူထားသူရော အကောင့်ပိုင်ရှင်ကပါ နှစ်ဦးစလုံးက အကောင့်ကိုအသုံးပြုနေခြင်းဖြစ်သည်။

နောက်ဆုံးတွင် မသင်္ကာသည့် စီးပွားရေးပါတနာတစ်ဦးက အထက်ပါစီးပွားရေးလုပ်ငန်းရှင်ထံ ဖုန်းဆက်မေးမြန်းရာမှ အကောင့်ကိုခိုးယူပြီး အပြန်အလှန်ငွေချေးကာ လိမ်လည်နေမှန်း သိခဲ့ရကြောင်း အကောင့်ဟတ်ခံရသူက ရှင်းပြသည်။

ထားဝယ်ဒေသတွင် ယင်းကဲ့သို့ Facebook အကောင့်ခိုးယူပြီး ငွေလိမ်(လိုက်ချေး)သည့် ဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်နေခဲ့သည်။

ယင်းကြောင့်လည်း “အခုအကောင့်က ဟက်(ခိုး)ခံထားရသည့်အတွက် ငွေချေးတာတွေက ကျွန်တော်၊ကျွန်မနဲ့ မသက်ဆိုင်ပါကြောင်း”ဟု ရေးသားထားသည့် post အများအပြား တွေ့လာရသည်။

အကောင့်ခိုးယူပြီးပါက အရေးပေါ်ငွေလိုအပ်နေသဖြင့် Wave Money ဖြင့် ငွေချေးပေးရန် Facebook အကောင့်ခိုးယူခံရသူ၏ မိတ်ဆွေများထံ စာပို့အကူအညီတောင်းခံပြီး လိုက်ချေးသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

နည်းပညာကျွမ်းကျင်သူတစ်ဦးကမူ မိမိ၏မိတ်ဆွေ သို့မဟုတ် မသိကျွမ်းသူများထံမှ ယင်းကဲ့သို့ မသင်္ကာစရာလင့်ခ်ပို့လာပါက သိချင်စောဖြင့်မဖွင့်မိရန် အရေးကြီးကြောင်း အကြံပြုသည်။

ထိုသို့အကောင့်ခိုးရာတွင် နည်းလမ်းနှစ်ခုရှိကြောင်း အထက်ပါ နည်းပညာကျွမ်းကျင်သူက ရှင်းပြသည်။

ပထမနည်းလမ်းမှာ ပို့လာသည့်လင့်ခ်ကိုနှိပ်ကြည့်ပါက Facebook နှင့် ပုံစံတူ ဝက်ဘ်ဆိုဒ်ကိုတွေ့ရတတ်ပြီး Facebook အထင်ဖြင့် အကောင့်၏ အီးမေးလ်နှင့် လျှို့ဝှက်နံပါတ်ကို ရိုက်သွင်းမိချိန်တွင် User Name နှင့် Password ကိုရယူကာ အကောင့်ခိုးယူသွားခြင်း ဖြစ်သည်။

ဒုတိယနည်းလမ်းမှာ Facebook မက်စင်ဂျာမှ ပို့လာသည့်လင့်ခ်ကို နှိပ်လိုက်မိချိန်တွင် မိမိဖုန်းအတွင်းမှတ်ထားသော အချက်အလက်များကို အလိုက်အလျောက် ဒေါင်းလုခ်လုပ်ဆောင် သွားပြီး Facebook ၊ အီးမေးလ်၊ ဘဏ်အကောင့်၊ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံ အစရှိသည့် အချက်အလက်အားလုံးကို ခိုးယူသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အကြံပြုချင်တာကတော့ အွန်လိုင်းပေါ်ကနေသိတဲ့သူကဖြစ်ဖြစ် မသိတဲ့သူကဖြစ်ဖြစ် လင့်ခ်တွေပို့ရင် အရင်ဆုံးမနှိပ်ကြည့်ပါနဲ့။ အရေးတကြီးဖွင့်ကြည့်ဖို့လိုတယ်ဆိုရင် မိမိနဲ့သိတဲ့သူတွေကပို့တဲ့ လင့်ခ်ဆိုရင် မဖွင့်မီ(click) မနှိပ်ခင် အရင်ဆုံး အဲ့ဒီလူကို ဖုန်းဆက်သွယ်ပြီး သူ့ဘက်ကနေ သူကိုယ်တိုင်ပို့တာလား။ ဘယ်လို လင့်ခ် မျိုးလဲဆိုတာ စစ်ဆေးပြီးမှ (ဖွင့်) နှိပ်ကြည့်ပါ”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ယင်းသို့ နည်းပညာ၊ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြုပြီး အကောင့်ခိုးယူခြင်း၊ လိမ်လည်ခြင်းကို ဥပဒေအရတားမြစ်ထားပြီး ပြုလုပ်သည့်အခြေအနေအလိုက် ပြစ်မှုပြစ်ဒဏ်များ သတ်မှတ်ထားသော်လည်း စစ်အာဏာသိမ်းပြီးနောက်တွင် အများပြည်သူနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် အရေးယူမှုနည်းပါးလာသည်။

ယင်းကြောင့်လည်း ခိုးမှု၊ ငွေလိမ်မှု၊ လုယက်မှု စသဖြင့် မျိုးစုံဖြစ်ပေါ်နေခြင်းဖြစ်သည်။