ထိုင်းဝန်ကြီးချုပ်သစ်ကို မနက်ဖြန် ရွေးကောက်တင်မြှောက်မည်

0
1842

ထိုင်းလွှတ်တော်က မနက်ဖြန် ဇူလိုင် ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ထိုင်းဝန်ကြီးချုပ်အသစ်ကို ရွေးကောက်တင်မြှောက်တော့မည်ဖြစ်သည်။

ဖိထာ ခေါင်းဆောင်သော Move Forward ပါတီသည် ပြီးခဲ့သည့် မေလ ၁၄ ရက် အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ ၁၅၁ နေရာဖြင့် အနိုင်ရရှိခဲ့သည်။

သို့သော်လည်း အစိုးရဖွဲ့နိုင်မည့် အမတ်အရေအတွက်ကို မရရှိသဖြင့် ပီထာ ဝန်ကြီးချုပ်ဖြစ်ရေး အာမခံချက်မရှိသေးဘဲ ဖြစ်နေခဲ့သည်။

ရွေးကောက်ပွဲပြီးနောက် အနိုင်ရ Move Forward ပါတီက ဦးဆောင်၍ Pheu Thai ပါတီအပါအဝင် ပါတီ ၈ ခုနှင့် ညွန့်ပေါင်းမဟာမိတ်အဖြင့် ဖွဲ့စည်းခဲ့သည်။

ညွန့်ပေါင်းမဟာမိတ်ဖွဲ့တွင် အောက်လွှတ်တော်အမတ်နေရာ ၃၁၂ နေရာကို ရရှိထားပြီးဖြစ်သည်။

သို့သော် ဖိထာ ဝန်ကြီးချုပ်ဖြစ်ရန်အတွက် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အမတ် စုစုပေါင်း ၇၅၀ ၏ ထက်ဝက်ထောက်ခံမဲ ၃၇၆ မဲရရှိရန် လိုအပ်သဖြင့် အနည်းဆုံး ၆၄ မဲ လိုအပ်နေသေးသည်။

ဇူလိုင်လ ၄ ရက်နေ့က တင်မြောက်ခဲ့သည် လွှတ်တော်ဥက္ကဋ္ဌကလည်း ဖီထာ ဝန်ကြီးချုပ်ဖြစ်ရန်အတွက် လိုအပ်သော မဲအရေအတွက် ၃၇၆ မဲမရရှိပါက နောက်ထပ်မဲပေးသော အစီအစဉ်များကို ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

အောက်လွှတ်တော်အမတ် ၅၀၀ ဦးကို ရွေးကောက်ပွဲမှတစ်ဆင့် ရွေးကောက်တင်မြှောက်ခဲ့ပြီး အထက်လွှတ်တော်အမတ် ၂၅၀ ကို အစုအဖွဲ့များက တိုက်ရိုက်ခန့်အပ်ထားခြင်းဖြစ်ကာ အများစုကို အာဏာသိမ်းယူထားသော ထိုင်းစစ်တပ်က ရွေးချယ်တင်မြောက်ထားခြင်း ဖြစ်သည်။

Move Forward ပါတီက ထိုင်းဘုရင်နှင့် မိဖုရားကို ဝေဖန်လျှင် ထောင်ဒဏ်ချမှတ်နိုင်သော တော်ဝင်ဥပဒေပုဒ်မကို ပြင်ဆင်ရေးနှင့် ပတ်သက်၍ အထက်လွှတ်တော်အမတ်များထံမှ မဲရရှိရေး ရုန်းကန်နေခဲ့ရသည်။

ယခုအချိန်တွင်လည်း ပီထာလုပ်ကိုင်နေခြင်းမရှိဘဲ ပိတ်ထားသော မီဒီယာကုမ္ပဏီတစ်ခုဖြစ်သည် iTV ရှယ်ယာများ ပိုင်ဆိုင်ထားသဖြင့် ရွေးကောက်ခံခွင့်မရှိကြောင်း စုံစမ်းစစ်ဆေးခံနေရသည်။

ထိုင်းနိုင်ငံ အခြေခံဥပဒေအရ လွှတ်တော်အမတ်အဖြင့် ရွေးကောက်ခံမည့်သူများသည် သတင်း၊ စာနယ်ဇင်း၊ မီဒီယာလုပ်ငန်းများတွင် ရှယ်ယာပိုင်ဆိုင်ထားပါက ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိပေ။

ပီထာက အဆိုပါရှယ်ယာများသည် ၂၀၀၇ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့ခြင်းမရှိတော့ပဲ ဖခင်ဖြစ်သူထံမှ အမွေရရှိထားခြင်းသာဖြစ်ကြောင်း ဆိုထားသည်။

ဇူလိုင်လ ၉ ရက်နေ့က ဝန်ကြီးချုပ်လောင်းဖြစ်သော ပီထာက လွှတ်တော်အမတ်များအား ၎င်းကို ဝန်ကြီးချုပ်အဖြစ် မဲပေးရန် ပျက်ကွက်ခြင်းသည် ထိုင်းဒီမိုကရေစီက ခွင့်မလွှတ်နိုင်သော လုပ်ရပ်ဖြစ်ကြောင်း ပြောကြားထားသည်။

ဇွန်လ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံက ကမကထပြုလုပ်သော မြန်မာ့အရေးဆွေးနွေးပွဲပြီးနောက် ပီထာက Move Forward ပါတီသည် မြန်မာမှ ဖြစ်ရပ်များကို အနီးကပ်စောင့်ကြည့်နေပြီး မြန်မာပြဿနာကို ထိပ်တန်းဦးစားပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ရွေးကောက်ပွဲပြီး မေလ ၁၅ ရက်နေ့တွင်လည်း မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန်နှင့် နှစ်နိုင်ငံ လူသားချင်းစာနမှုအထောက်အပံ့များပေးအပ်ရန် ပြောကြားထားသေးသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဖြစ်သော ပရာယွတ် ချန်အိုချာသည် နိုင်ငံရေးလောကမှ အနားယူပြီး ၎င်း၏ ပါတီဖြစ်သော United Thai Nation Party က နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၁၁ ရက်တွင် ကြေညာလိုက်သည်။

ယင်းထုတ်ပြန်ချက်ကို ပါတီ၏ Facebook စာမျက်နှာပေါ်တွင် ရေးသားထားခြင်းဖြစ်ပြီး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည် ကိုးနှစ်တာကာလအတွင်း နိုင်ငံ၊ ဘာသာ၊ ဘုရင်စနစ်နှင့် ပြည်သူများကို ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ခဲ့ဟုလည်း ဆိုထားသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာသည် ၂၀၁၄ ခုနှစ်တွင် စစ်အာဏာသိမ်းခဲ့ပြီးနောက် ဝန်ကြီးချုပ်ရာထူးကို ရယူခဲ့သူဖြစ်သည်။

Ref: Bangkok Post, Khaosod Online, Thai PBS