မြန်မာနိုင်ငံ အခြေအနေကို ပိုမိုတင်းကျပ်စွာဆောင်ရွက်ရန် အာဆီယံကို ကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

0
2245

အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေနှင့် အာဏာသိမ်းစစ်တပ်ကို ပြင်းထန်စွာ အရေးယူဆောင်ရွက်ကြရန် အမေရိကန် အစိုးရက မျှော်လင့်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဇူလိုင်လ ၇ ရက်နေ့တွင် တိုက်တွန်းပြောကြားခဲ့သည်။

၎င်းအနေနှင့် ယခုသီတင်းပတ်တွင်း အစည်းအဝေးများ တက်ရောက်ရန်အတွက် အရှေ့တောင်အာရှ ဒေသတွင်း လာရောက်ရန် ရှိကြောင်း ထုတ်ပြန်ရင်း ယခုလို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအပြင် တောင်တရုတ်ပင်လယ်တွင်း တရုတ်နိုင်ငံ၏ လုပ်ရပ်များကို ပြန်လည်တွန်းလှန်မှု အပေါ်တွင်လည်း စည်းလုံးစွာလုပ်ဆောင်ကြရန် ဘလင်ကန်ကထည့်သွင်းပြောကြားသည်။

နေတိုး အဖွဲ့ (NATO – မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့) ဆိုင်ရာ အစည်းအဝေးကို လစ်သူယေးနီးယားနိုင်ငံ၌ သမ္မတ ဂျိုးဘိုင်ဒန်နှင့်အတူ တက်ရောက်ပြီးနောက် ဘလင်ကန်သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ နှင့် အစည်းအဝေး ကို တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ယခုအချိန်အထိ အဓိကရုဏ်းများနှင့် ပြည့်နှက်နေသည့် မြန်မာနိုင်ငံ၏ အခြေအနေသည် အင်ဒိုနီးရှား တွင် ကျင်းပသွားမည့် အစည်းအဝေး အတွင်း ဆွေးနွေးသွားမည့် “အဓိက ပြဿနာများအနက် တစ်ခုဖြစ်သည်” ဟု အရှေ့အာရှဆိုင်ရာ အမေရိကန် နိုင်ငံခြားရေးဌာနမှ ထိပ်တန်းအရာရှိ တစ်ဦးဖြစ်သူ ဒန်နီယယ်လ် ကရစ်တန်ဘရင့်ခ် က သတင်းထောက်များအား ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံ၏ လက်ရှိအာဏာသိမ်း စစ်ဗိုလ်ချုပ်များကို ၎င်း၏ အဆင့်မြင့် အစည်းအဝေးများအား တက်ရောက်ခွင့် တားမြစ်ထားသော်လည်း ထိုင်းနိုင်ငံမှာမူ မြန်မာစစ်တပ်နှင့် ပြန်လည်ပူးပေါင်းရန် အာဆီယံ ကို အဆိုပြုထားသည်။

“အာဆီယံဒေသတွင်းရှိ မိတ်ဆွေ(နိုင်ငံ)များနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် အာဆီယံဝန်ကြီးများအဖွဲ့တွင်း မြန်မာနိုင်ငံ၏ လက်ရှိ ကိုယ်စားပြုမှု (စစ်တပ်)ကို ဆက်လက် အဆင့်နှိမ့်ချရန် မျှော်လင့်ထားပြီး (မြန်မာနိုင်ငံတွင်း) အကြမ်းဖက်မှုများ အဆုံးသတ်ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် သို့ ပြန်သွားနိုင်ဖို့ရာ စစ်ခေါင်းဆောင်များအပေါ် ဖိအားပေးမှုများ တိုးမြင့်လာစေရန်အတွက် နည်းလမ်းများ ရှာဖွေလုပ်ဆောင်သွားကြရန် မျှော်လင့်ပါသည်” ဟု ကရစ်တန်ဘရင့်ခ် က ထုတ်ဖော်ပြောကြားခဲ့သည်။

အာဏာသိမ်းဆန့်ကျင်ရေး အင်အားစုများကို နှိမ်နင်းရန် အသုံးပြုသည့် မြန်မာစစ်တပ်၏ လက်နက်နှင့် ပစ္စည်းတင်သွင်းနိုင်မှုကို လျှော့ချရန် ရည်ရွယ်ကာ ပြီးခဲ့သည့် ဇွန်လတွင် အမေရိကန်အစိုးရသည် စစ်တပ်က ထိန်းချုပ် အသုံးပြုနေသည့် မြန်မာဘဏ်နှစ်ခုအပေါ် ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ခဲ့သည်။

ထို့အပြင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနှင့် နယ်မြေဆိုင်ရာ အငြင်းပွားမှုများတွင် ၎င်းတို့၏ စုပေါင်းညီညာ သဘောထားများ ခိုင်မာစေရန်အတွက် ဒေသတွင်း နိုင်ငံများအနေနှင့် တရုတ်နှင့် မတိုင်မီ ၊ အချင်းချင်းအကြား ရေပိုင်နက် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် တိုးတက်မှု ရှိသင့်သည်ဟု ကရစ်တန်ဘရင့်ခ် က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။

“အကူအညီမဖြစ်သလို အကျပ်ကိုင်ပြီး တာဝန်မဲ့သော တရုတ်အစိုးရ၏ လုပ်ရပ်များ” ကို တွန်းလှန်ရန် အမေရိကန်အစိုးရ အနေနှင့် လာမည့် အင်ဒိုနီးရှားနိုင်ငံတွင်း အစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင်များနှင့် လက်တွဲလုပ်ဆောင်သွားမည် ဟု ၎င်းက ဇူလိုင် ၇ရက်နေ့တွင် ပြောကြားခဲ့သည်။

“ဒါဟာ အမေရိကန်အမြင်ကို အခြားနိုင်ငံတွေကို လိုက်နာခိုင်းနေတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒေသအတွက် ကျွန်ုပ်တို့တွေ အတူတကွ ခံယူထားကြတဲ့ ရှုထောင့် နဲ့ ပန်းတိုင်တွေ ကို မြှင့်တင်ဖို့ အပြင် အဲ့ဒီ ရှုထောင့် ကို သွေဖီနေတဲ့ အမူအကျင့်တွေကို ပြန်တွန်းလှန်နိုင်ဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်ရမယ့် ကိစ္စရပ် ဖြစ်နေတာပါ။ ” ဟု ၎င်းက ပြောကြားခဲ့သည်။

Reference ● Reuters ● The Straits Times