တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2082

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ

အရှေ့တီမော အစိုးရကျမ်းကျိန်ပွဲ NUG တက်ခွင့်ရ၊ စစ်ကောင်စီကန့်ကွက်

တီမောလက်စ်တေးနိုင်ငံ ဝန်ကြီးချုပ်သစ်နဲ့ အစိုးရအဖွဲ့ဝင်တွေ ကျမ်းသစ္စာကျိန်ဆိုပွဲကို တရားဝင် ဖိတ်ကြားချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ NUG တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ဇူလိုင်လ ၁ရက်နေ့က ကျင်းပတာဖြစ်ပါတယ်။

တီမောလက်စ်တေးနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ်ဟော်တာရဲ့ ဖိတ်ကြားချက်အရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးလင်းသန့်တို့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။ ခရီးစဉ်မှာ သမ္မတနဲ့လည်း သီးသန့်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

အခုလိုတက်ရောက်ဖို့ အသိအမှတ်ပြုဖိတ်ကြားခံရတာဟာ NUG အနေနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံတော်အဆင့်အခမ်းအနားကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရတာ ဖြစ်ပါတယ်။

NUG အခုလို ဖိတ်ကြားခံရတဲ့အပေါ် စစ်ကောင်စီက ကန့်ကွက်ထားပါတယ်။ ရန်ကုန်မှာရှိတဲ့ တီမောလက်စ်တေးသံရုံး ယာယီတာဝန်ခံကို ဇူလိုင်လ ၅ရက်နေ့က နေပြည်တော်သို့ ခေါ်ယူပြီး သတိထောက်လွှာပေးခဲ့တာပါ။

အဲဒီလို ကန့်ကွက်ပြီးနောက်မှာပဲ တီမောဝန်ကြီးချုပ်က နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံဖို့ နောက်တစ်ကြိမ် ဖိတ်ကြားလိုက်တယ်လို့ NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက Myanmar Now သတင်းတစ်ရပ်မှာ ပြောဆိုထားပါတယ်။

……………………………………

KIA ဌာနချုပ် လိုင်ဇာအနီးမှာ စစ်ရေးပြင်းထန်

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးမှာ စစ်ရေးပြင်းထန်လာပါတယ်။

ကချင်ပြည်နယ် လိုင်ဇာမြိုနဲ့ ခြောက်မိုင်ဝန်းကျင်သာဝေးတဲ့ နန်ဆန်ယန် ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA တို့ ဇူလိုင်လ ၃ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာပါ။ 

နန်ဆန်ယန်ဟာ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမှာ တည်ရှိနေသလို လိုင်ဇာသို့လည်း သွားလို့ရတဲ့အတွက် ဗျူဟာမြောက်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ အရင်က စစ်ကောင်စီက ထိန်းချုပ်ခဲ့တဲ့နေရာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုတဲ့အတွက် စစ်အင်အားတွေ ဖြည့်တင်းပြီးတော့ ထိုးစစ်ဆင်လာတာဖြစ်ပြီး ဆက်လက် ထိုးစစ်ဆင်လာရင် စစ်ရေးပိုပြီးပြင်းထန်လာနိုင်တယ်လို့ KIA ဘက်က ပြောဆိုထားပါတယ်။

စစ်ရေးတင်းမာလာတာကြောင့် လမ်းတွေကိုလည်း ပိတ်ဆို့ခံထားရပြီး နန်ဆန်ယန် တစ်ရွာလုံးလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

နန်ဆန်ယန်က ဒေသခံတွေဟာ ဆယ်စုနှစ်တစ်ခုနီးပါး စစ်ဘေးရှောင်ခဲ့ရပြီး နှစ်ဖက်တပ်တွေ ဒီရွာမှာ စခန်းမချဖို့ သဘောတူပြီးနောက်မှာ ရွာမှာ ပြန်လည်အခြေချနေထိုင်ကြလာကြပါတယ်။ အဲဒီလို နေထိုင်ပြီး ၂နှစ် မပြည့်ခင်မှာဘဲ စစ်ကောင်စီက အခြေချဖို့ ကြိုးပမ်းလာလို့ တစ်ကျော့ပြန် စစ်ဘေးရှောင်ကြရတာလည်း ဖြစ်ပါတယ်။

……………………………………

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို နှောင့်ယှက်ဖျက်ဆီးရင် အရေးယူမယ်လို့ မြောက်ပိုင်းသုံးဖွဲ့ပြောလာ

နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေကို နှောင့်ယှက်ဖျက်ဆီးရင်း ထိရောက်စွာအရေးယူမယ်လို့ မြောက်ပိုင်းသုံးဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းတပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် AA တို့က ဇူလိုင်လ ၁ရက်နေ့မှာ ထုတ်ပြန်တာပါ။

အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ရာဇဝတ်မှုကျူးလွန်တဲ့လုပ်ရပ်တွေကို ချေမှုန်းရေးလုပ်ငန်းတွေ ပိုမိုတိုးတက် ကောင်းမွန်လာစေဖို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်မှု၊ ရာဇဝတ်မှုကျူးလွန်သူတွေကို ချေမှုန်းမယ့်အပြင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ကာကွယ်မယ့်အချက်ကိုပါ ထည့်သွင်းထားတာပါ။

န်ိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေအပေါ် အနှောင့်အယှက်ပေးတာ၊ ဆက်ကြေးတောင်းတာ စတဲ့ ပြစ်မှုကျူးလွန်သူ ဘယ်သူ့ကိုမဆို အရေးယူမယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ တရုတ်နိုင်ငံရဲ့ တိုက်တွန်းချက်ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဒီထုတ်ပြန်ချက်ဟာလည်း တရုတ်က စီစဉ်ပေးတဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့တွေ့ဆုံတဲ့ မိုင်းလားဆွေးနွေးပွဲအပြီး တစ်လာအကြာမှာ ထွက်လာတာပါ။

……………………………………

ခြောက်လအတွင်း ဒရုန်းနဲ့ အကြိမ်သုံးရာနီးပါးတိုက်ခိုက်

၂၀၂၃ခုနှစ် ခြောက်လတာကာလအတွင်း စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ အကြိမ်ပေါင်းသုံးရာနီးပါး တိုက်ခိုက်ခဲ့တယ်လို့ Federal Wings အဖွဲ့က ပြောပါတယ်။

ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း ၂၈၁ ကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးသီးအမျိုးအစားစုံ ၆၈၀ လောက် အသုံးပြုခဲ့တယ်လို့ ဇူလိုင်လ ၃ရက်နေ့က ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့် ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း အမြောက် အများရှိတယ်လို့ ဆိုပါတယ်။ ခြောက်လတာကာလအတွင်း Federal Wings တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ဒီကာလမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာ Federal Wings (၁၈၀၁) ဒရုန်းတပ်ရင်းကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ပြီလို့လည်း ထုတ်ပြန်ထားပါတယ်။ ပင်မအခြေပြုတဲ့ ကရင်ဒေသ အပြင် စစ်ကိုင်းတိုင်းမှာပါ စစ်ဆင်ရေးတွေ စတင်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

……………………………………

သတင်းစာဆရာဦးကျော်မင်းဆွေနဲ့ အနုပညာရှင်လေးဦးပြန်လွတ်မြောက်

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် လူမှုကွန်ရက်မှာ အနက်ရောင်ပရိုဖိုင်းပြောင်းပြီး ဝမ်းနည်းကြောင်းပြသလို့ ဖမ်းဆီးခံထားရတဲ့ သတင်းစာဆရာဦးကျော်မင်းဆွေနဲ့ အနုပညာရှင်လေးဦး ပြန်လည်လွတ်မြောက်လာပါပြီ။

ဦးကျော်မင်းဆွေနဲ့ အနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင်မေပန်းချီ၊ အဆိုတော်ရွှေရည်သိန်းတန်၊ အဆိုတော်မေလသံစဉ်၊ သရုပ်ဆောင် မြတ်သူသူတို့ကို စစ်ကောင်စီက ဧပြီလလယ်ပိုင်းမှာ ဖမ်းဆီးခဲ့တာပါ။

နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခဲ့ပြီး သရုပ်ဆောင် မေပန်းချီကိုတော့ ဇွန်လ ၇ရက်နေ့မှာ စစ်ခုံရုံးကနေ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပါတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

သူတို့ကို ဇူလိုင်လ ၇ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တာပါ။

ဦးကျော်မင်းဆွေဟာ The Voice Weekly ဂျာနယ် အယ်ဒီတာချုပ်ဖြစ်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှာလည်း အတွင်းရေးမှူးတာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

……………………………………

စစ်ဘေးရှောင်စခန်း ဗုံးကြဲခံရလို့ ကလေးငယ်အပါအဝင် စစ်ဘေးရှောင်သုံးဦးဒဏ်ရာရ

ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင်မိသားစု ဒဏ်ရာရရှိခဲ့ပါတယ်။

ဇူလိုင်လ ၄ ရက်နေ့ မနက် ၂နာရီမှာ လေယာဉ်နဲ့ ဗုံးသုံးလုံး လာကြဲတာဖြစ်ပြီး ဗုံးတစ်လုံးဟာ စစ်ဘေးရှောင်စခန်း အလယ်မှာ ကျရောက်ပေါက်ကွဲခဲ့တာပါ။

ဗုံးစထိမှန်တာကြောင့် မိသားစုတစ်စု ဒဏ်ရာရခဲ့ပြီး အသက် ၂၇ နှစ်အရွယ်အမျိုးသားမှာ ညာဖက်ပေါင် ဒဏ်ရာရလို့ ခွဲစိတ်ရမယ့် အခြေအနေဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အသက် ၃ဝအရွယ် အမျိုးသမီးမှာ ဘယ်ဖက်လက်ချောင်းသုံးချောင်း ပြတ်တောက်ဒဏ်ရာရပြီး အသက် ၃နှစ်အရွယ် သားဖြစ်သူမှာ ဦးခေါင်းဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် စာသင်ဆောင်နှစ်ဆောင်နဲ့ ခန်းမဆောင်တစ်ဆောင်ပျက်စီးခဲ့သလို စစ်ဘေးရှောင်တဲတချို့လည်း ဗုံးစထိမှန် ပျက်စီးခဲ့ပါတယ်။

……………………………………

စားသောက်ဆိုင်နဲ့ ဘားတွေမှာ တီးဝိုင်းဖျော်ဖြေရေး ပိတ်ပင်ခံရ

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်က စားသောက်ဆိုင်နဲ့ ဘားတွေမှာ တီးဝိုင်းနဲ့ဖျော်ဖြေတာကို စစ်ကောင်စီက ပိတ်ပင်လိုက်ပါတယ်။

စားသောက်ဆိုင်နဲ့ ဘားတွေမှာ တီးဝိုင်းဖျော်ဖြေတာ ရပ်ဆိုင်းဖို့ မြို့နယ် ထွေအုပ်တွေက စာပေးပို့ သတိပေးထားတာ ဖြစ်ပါတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေ ထည့်သွင်းမယ်ဆိုရင် ဖျော်္ဖြေရေးလိုင်စင်ပါ ထပ်လျှောက်ခိုင်းတာ ဖြစ်နိုင်တယ်လို့ စားသောက်ဆိုင်နဲ့ ဘားပိုင်ရှင်တချို့က ခန့်မှန်းနေကြပါတယ်။ 

ဒီလို သတိပေးပြီးနောက်မှာ စားသောက်ဆိုင်နဲ့ ဘားတွေမှာ တီးဝိုင်းဖျော်ဖြေရေးတွေကို ရပ်ဆိုင်းခဲ့ကြရပါတယ်။

စားသောက်ဆိုင်၊ ဘားတွေအပြင် ကေတီဗွီ၊ နိုက်ကလပ်၊ အနှိပ်ခန်းစတာတွေဟာလည်း ခွင့်ပြုထားတဲ့ လုပ်ငန်း လိုင်စင်အတိုင်းပဲ လုပ်ဆောင်ကြဖို့ စာထုတ်ထားပါတယ်။ ခွင့်ပြုချက်ကျော်လွန်ရင် ပြင်းပြင်းထန်ထန် အရေးယူတာ၊ ချိပ်ပိတ်သိမ်းဆည်းတာတွေ လုပ်ဆောင်မယ်လို့လည်း သတိပေးထားပါတယ်။

……………………………………