သထုံတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦး ဒဏ်ရာရ

0
1803

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး နှစ်ဦးအပါအဝင် ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီအမြောက်တပ် (၃၁၄) တပ်ရင်းက ရွှေရောင်ပြကျေးရွာအုပ်စုအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူက ယနေ့ ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါတပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ရွှေရောင်ပြကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ကျည်စထိမှန်ကာ အသက် ၅ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ အသက် ၅၆ နှစ်အရွယ် နော်မုလားဖေ၊ အသက် ၁၈ နှစ်အရွယ် နော်မိထူး၊ အသက် ၅၇ နှစ်အရွယ် နော်တင်အေး၊ အသက် ၂၅ နှစ်အရွယ် စောကူတို့ ထိခိုက်ဒဏ်ရာရကြောင်း ဖော်ပြပါရှိသည်။

“စစ်တပ်က ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်နေတာကတော့ နေ့တိုင်းလိုလိုပါပဲ။ အခုလည်း ဘာတိုက်ပွဲမှ မရှိဘဲ ရွာထဲကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာ လူတွေလည်းထိ၊ နေအိမ်တွေလည်းထိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ် သုံးလုံးလည်း ထိခိုက်ပျက်စီးသွားကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် အမြောက်တပ် (၃၁၄) တပ်ရင်းသည် သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ဇီးဝန်းကျေးရွာ အနောက်ဘက် ဒေသအခေါ် ကဇိုင်း/ထီးဖိုးညလိ့တွင် တပ်စွဲထားပြီး ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်လေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယမန်နေ့ နံနက် ၇နာရီခန့်က စစ်ကောင်စီတပ်အမြောက်တပ် (၃၁၄) တပ်ရင်း၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ် အကြားရှိ ကျုံအိတ်တံတား (ရွှေရောင်ပြတံတား) တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့တို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခဲ့သည်။  

ယင်းနောက် အမြောက်တပ်က ကျေးရွားအတွင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

သထုံခရိုင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေပြီး ကျေးရွာများအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် ထောင်နှင့်ချီသည့် ဒေသခံပြည်သူတို့မှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။