ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံခြင်း

0
1998

မြန်မာနိုင်ငံတွင် မိုးရာသီရောက်လာပြီဖြစ်သည့်အတွက် ရာသီတုပ်ကွေးအပါအဝင် ဖျားနာမှုများ အဖြစ်များလာလေ့ရှိသည်။

တနင်္သာရီတိုင်းတွင်လည်း ရာသီတုပ်ကွေးအဖြစ်များနေပြီး ရာသီတုပ်ကွေးနှင့်အတူ သွေးလွန်တုပ်ကွေးကဲ့သို့ ရောဂါများလည်း အဖြစ်များနေသည်။

တုပ်ကွေးဖြစ်လာပါ တစ်ဦးနှင့်တစ်ဦးကူးစက်ပြီး အိမ်ရှိမိသားစုအားလုံးနီးပါး ဖျားနာတတ်ကြသည်။

ထို့အပြင် ကိုဗစ်ရောဂါကလည်းကူးစက်မှုကလည်းရှိနေသေးသည့်အတွက် ရာသီတုပ်ကွေးနှင့် တော်ရုံမခွဲနိုင်တော့ဘဲ ခံစားရသည့် လက္ခဏာများ ရောထွေးကုန်သည်။

ရာသီတုပ်ကွေးနှင့် ကိုဗစ်မှာ ဗိုင်းရပ်ပိုးဖြစ်သည့်အတွက် တစ်ဦးမှတစ်ဦးသို့ ကူးစက်တတ်သည့်ရောဂါဖြစ်သည်။

ပဋိပက္ခအခြေအနေများကြောင့် တနင်္သာရီတိုင်းရှိ ကျေးလက်ဒေသအများစုတွင် ကျန်းမာရေးစောင့်ရှောက်မှုမဲ့နေသည့် အခြေအနေဖြင့် ရင်ဆိုင်နေရသည်။

ထိုကြောင့် ကိုဗစ်၊ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေး၊ ကိုဗစ်ရောဂါနှင့် ပတ်သက်၍ သိထားသင့်သည့် ဆောင်ရန် ရှောင်ရန်အချက်များကို ကျွမ်းကျင်ဆရာဝန်တစ်ဦးကို မေးမြန်းပြီး ကောက်နုတ်တင်ပြလိုက်သည်။

DW – အခုမိုးရာသီမှာ ဖျားနာတာတွေ များနေတယ်ပေါ့နော်ခင်ဗျား။ အဲဒါက ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ရှင်းပြပေးပါလားခင်ဗျား။

Dr – အခုမြန်မာနိုင်ငံမှာဖြစ်နေတာရော အရှေ့တောင်အာရှရော တစ်ကမ္ဘာလုံးမှာရောက ပုံမှန်ဖြစ်နေကျ တုပ်ကွေးအပြင် ကိုဗစ်လည်းဖြစ်ထားတာဖြစ်တဲ့အတွက် အဲကောင်ကလည်း ဗိုင်းရပ်စ်ပဲလေ။ တုပ်ကွေးလိုမျိုး ဗိုင်းရပ်စ်တစ်မျိုးပဲဆိုတော့ အခုပုံမှန်ဖြစ်နေကြ တုပ်ကွေးဗိုင်းရပ်စ်တွေနဲ့လည်း မျိုးစိတ်များဖြစ်နေသလားပေါ့နော်။ ကိုဗစ်ဆန်ဆန် လက္ခဏာတွေ တွေ့ရတယ်။ အရင်တုန်းက တုပ်ကွေးဖြစ်တယ်ဆိုရင် သုံးရက် ငါးရက်ဆိုရင်ပျောက်ပြီ။ အခုဆိုရင် သုံးရက် ငါးရက်လည်းမပျောက်ဘူး။ တစ်ပတ် ဆယ်ရက်လောက်ခံရတယ် ကိုဗစ်လိုပဲ။ ပြီးရင် အရင်တုန်းက တုပ်ကွေးဆိုတာ တစ်အိမ်လုံးမှာတစ်ယောက်ဖြစ်ရင် နောက်လူတွေကိုကူးဖို့ရာခိုင်နှုန်း နည်းတယ်ပေါ့နော်။ အခုကတော့ တစ်အိမ်လုံးနီးနီးဖြစ်တာ။

ပြီးရင် ပြင်းထန်တဲ့ဟာပေါ့နော်။ ပျံ့နှံ့နှုန်းလည်းမြန်တယ် ပြင်းထန်တဲ့ဟာက အချိန်လည်းကြာတယ်။ ကြာတဲ့အချိန်မှာမှ လူခံစားရတာကလည်း ဆိုးတယ်ပေါ့နော်။ဥပမာ သလိပ်တွေအရမ်းထွက်တယ်။ ချွဲတွေအရမ်းထွက်တယ်။ နှာတွေ အရမ်းစေးတယ်။ ချွဲတွေ သလိပ်တွေ နှပ်တွေကအစ အစိမ်းရောင်တွေဖြစ်တယ်။(ရင်)ကြပ်တယ်ပေါ့နော်။ အဲလိုမျိုးဟာတွေရှိတယ်ခင်ဗျား။

အဲတော့ ကျွန်တော်တို့က ကိုဗစ်လားဆိုပြန်တော့လည်း အခုဆိုရင် ကိုဗစ်ကို WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့)က ကပ်ရောဂါလို့ မသတ်မှတ်တော့ဘူး။ ကူးစက်ရောဂါလို့ပဲ သတ်မှတ်တယ်။ တုပ်ကွေးဆိုပြီး ပြန်လျှော့ချလိုက်တာပေါ့နော်။ အရင်တုန်းကဆို ကိုဗစ်ဆိုရင် ကပ်ရောဂါအသွင်သတ်မှတ်ပြီးတော့လေ လော့ဒေါင်းတွေဘာတွေချတာလုပ်တာပေါ့နော်။ အခုကျတော့ လော့ဒေါင်းတွေဘာတွေ ချတာ မလုပ်တော့ဘူး။ တုပ်ကွေးလိုမျိုး သူကအဆင့်လျှော့လိုက်တယ်။

ပျံ့နှံ့ရင်တော့ ပျံ့နှံ့မယ်။လူသေနိုင်အားလည်းလျှော့သွားပြီ။ ကာကွယ်ဆေးတွေလည်း အများကြီးပျံ့နှံ့အောင် ထိုးထားနိုင်ပြီဖြစ်တဲ့အတွက်ပေါ့နော်။ ထိန်းချုပ်နိုင်တယ်ဆိုပြီးတော့ သတ်မှတ်ပြီးတော့ ကပ်ရောဂါအသွင်နဲ့ မစဉ်းစားဘဲနဲ့ ရာသီတုပ်ကွေးပုံစံမျိုးနဲ့ စဉ်းစားကြတယ်။

နောက်တစ်ချက်က သွေးလွန်တုပ်ကွေးပေါ့ ဒီအချိန်မှာ။ အရင်တုန်းကဆိုရင် ဖုံး သွန်လဲစစ် က အရမ်းလုပ်ကြတာလေ။ အခုကျတော့ ဖုံးသွန်လဲစစ် လုပ်ဖို့ကျတော့လည်း အခြေအနေ အကြောင်းအမျိုးမျိုးတွေရှိတော့ ကိုယ့်ဟာကို လုပ်ဖို့လိုတာပေါ့နော်။

ပြောချင်တဲ့အဓိပ္ပာယ်သည် သွေးလွန်တုပ်ကွေးရယ်၊ ကိုဗစ်ရယ်၊ ရာသီတုပ်ကွေးရယ် သုံးမျိုးပေါင်းပြီးတော့ ဘာမှန်းမသိဘူးဖြစ်တာ။ အဲလိုဖြစ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့က ဘာလုပ်ကြမတုန်းပေါ့။ ဆိုးတယ်။ ဖြစ်လာရင် ဆေးရုံဆေးခန်းကလည်း အိမ်မှာဓာတ်ဆားသောက်။ အန္တရာယ်ရှိတဲ့လက္ခဏာတွေကြည့်ပြီးတော့ မပြီးသွားဘူး။

DW – ဒီလိုမျိုးတွေ မဖြစ်အောင် ဘယ်လိုကာကွယ်သင့်လဲခင်ဗျား။

Dr – ဒီလိုတွေ ရှိတာဖြစ်တဲ့အတွက် သူများတွေမလုပ်ရင် ကိုယ်ဟာကို ကိုယ့်အိမ်မှာကိုပဲ ဖုံးသွန်လဲစစ်တွေလုပ်မယ်ပေါ့နော်။ ကိုယ့်ပတ်ဝန်းကျင်တွေကို ဖုံးသွန်လဲစစ်လုပ်မယ်။ ပြီးရင် ကိုဗစ်ရဲ့ သတ်မှတ်ထားသော ဆောင်ရန်ရှောင်ရန်တွေ ရှိတယ်လေ။ ဥပမာ- နှာခေါင်းစည်းတပ်ပါတို့ လက်ဆေးပါတို့ လူထူထပ်ရာ မသွားပါနဲ့တို့ နှာချေရင် အုပ်ပြီးချေပါတို့လေ။

အဲဒီတော့ ကိုဗစ်ရဲ့ သတ်မှတ်ချက်တွေကို ပြန်လိုက်နာဖို့လိုတယ်။ ကိုဗစ်ရဲ့ ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာလိုက်ရင် သက်သာသွားမယ် တုပ်ကွေး အစုလိုက်အပြုံလိုက်ဖြစ်တာ။ ရာသီတုပ်ကွေးလည်း မဖြစ်တော့ဘူးပေါ့။ ဗိုင်းရပ်စ်တွေကူးတာသည် အသက်ရှူလမ်းကြောင်းကတစ်ဆင့် ဥပမာ-နှာချေတဲ့ဟာလက်က ကိုင်ထားတယ်။ အဲဒီလက်ကနေ တခြားကိုထိလိုက်တယ် ။ အဲဟာကို တခြားလူကကိုင်လိုက်တယ် ကိုဗစ်ကူးသလိုပဲ ကူးကြတာ အများစုပေါ့လေ။

အဲလိုဖြစ်တာဖြစ်တဲ့အတွက် ကိုဗစ်ကန့်သတ်ချက်ဖြစ်တဲ့ လူထူထပ်ရာမသွားနဲ့၊ ခြောက်ပေအကွာနေ၊ ပြီးရင်နှာခေါင်းစည်းတပ်၊ နှာစေးချောင်းဆိုးရင် အပြင်မသွားနဲ့၊ ချေရင် (နှာခေါင်း၊ပါးစပ်)အုပ်ပြီးချေ။ ပြီးရင် ကိုဗစ်မှာပြောတယ်မဟုတ်လား။ ဖျားရင် ပါရာစီတမောသောက်။ တစ်ကြိမ်နဲ့တစ်ကြိမ် ခြောက်နာရီခြားပြီးသောက်။ ပြီးရင် ဓာတ်ဆားရည်သောက်။

ကလေးငယ်တွေဆိုရင် သွေးလွန်တုပ်ကွေးမှာဖြစ်တဲ့ အန္တရာယ်ရှိလက္ခဏာတွေပေါ့နော်။အန်တာ ကိုယ်ခန္ဓာမှာ အနီကွက် အညိုကွက်တွေပေါ်လာ ဝမ်းမဲမဲသွားလာ သွားဖုံးတွေ နှာခေါင်းတွေက သွေးယိုလာ ပြီးရင်ဗိုက်အောင့်လာ ပြီးရင် မှိန်းသလား နုန်းသလားပေါ့နော် ။ အဲလိုလက္ခဏာတွေကြည့် ကြည့်လို့ပေါ်တယ်ဆိုရင် ဆေးရုံတက်ပေါ့။ ဒါကသွေးလွန်တုပ်ကွေးနဲ့ ရောမှာစိုးလို့ပေါ့နော်။ ပြီးရင် ကလေးတွေဆိုရင် ကော်ဖီလိုမျိုး မဲမဲညစ်ညစ်အရောင်ရှိတဲ့ဟာတွေ မတိုက်နဲ့ပေါ့လေ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကိုယ်ခန္ဓာထဲမှာ သွေးယိုတယ်ဆိုရင် ဝမ်းမဲမဲ ပျစ်ပျစ်ကြီးတွေသွားမယ်။ ကော်ဖီအရောင်အနှစ်တွေပါတဲ့ အန်တာတွေရှိမယ်လေ။ အဲလိုဟာတွေနဲ့ စားတဲ့ဟာတွေနဲ့ ရောမှာစိုးလို့ပေါ့လေ။ ဒါတွေကိုရှောင်ရင် သွေးလွန်တုပ်ကွေးကို တစ်ခြမ်းဖြတ်ပြီးသားဖြစ်မယ်။

ဟိုဘက်တုပ်ကွေးအတွက်ဆိုရင် ကျွန်တော်တို့က ကာကွယ်မယ်။ ကာကွယ်မယ်ဆိုတဲ့နေရာမှာ ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေ အတိုင်း လိုက်နာမယ်။အဲလိုမှဖြစ်တယ်ဆိုရင် နှာစေးလား နှာစေးပျောက်ဆေးသောက်ပေါ့။ ချောင်းဆိုးရင် ချောင်းဆိုးပျောက်ဆေးသောက်ပေါ့။ ပြီးရင် ဖျားလား အဖျားကျဆေးသောက်ပေါ့။ ပြီးရင် ဓာတ်ဆားရည်သောက်ပေါ့။ အဟာရပြည့်အောင်စားပေါ့။ သူက အချိန်တန်ရင်တော့ကောင်းလာမှာလေ။ သူကရောဂါပြင်းထန်မှုတော့ရှိတယ်။ မသေတော့ဘူး အဲလိုဖြစ်နေတာ။

ကိုဗစ်ဆိုရင်လည်း ကိုဗစ်ကာကွယ်ဆေးက လူတိုင်းက နှစ်ကြိမ်လောက်တော့ ထိုးထားကြပြီးသားဖြစ်တဲ့အတွက် ခံနိုင်တယ်လေ။ ဒါပေမယ့် ကိုဗစ်မျိုးကွဲတွေက အမျိုးမျိုးရှိတာဖြစ်တဲ့အတွက် ဒီမျိုးကွဲကိုတော့ ၁၀၀ ရာခိုင်နှုန်းခံနိုင်ပေမယ့် ကျန်တဲ့မျိုးကွဲတွေကျတော့ ၁၀၀ ရာခိုင်နှုန်းမခံနိုင်တာဖြစ်တဲ့အတွက် ကျန်တဲ့မျိုးကွဲတွေရဲ့ ပြင်းထန်မှုတွေဘာတွေကျတော့ ပြန်ခံစားရတာတွေ ရှိတာပေါ့နော်။

DW – အခြားဖြည့်စွက်ပြောဖို့များ ရှိသေးလား ဆရာခင်ဗျား။

Dr – အခုက ကျောင်းဖွင့်ရာသီဆိုတော့ ကလေးတွေကိုကျောင်းလွှတ်မယ်ဆိုရင်လေ ပူတဲ့ဒဏ်နည်းနည်းခံပြီးတော့လေ အင်္ကျီလက်ရှည် ဘောင်းဘီလက်ရှည်ပေါ့လေ။ ဒါမှမဟုတ် ခြင်မကိုက်တဲ့ဆေးရည်လိမ်းပြီးလွှတ်လိုက်တာ ပိုကောင်းတယ်ခင်ဗျား။ အဲလိုဆိုရင် သွေးလွန်တုပ်ကွေးအတွက်လည်း ရှင်းသွားတယ်ပေါ့။ ပြီးရင် ကိုယ့်ကလေးကိုပေါ့နော် နှာခေါင်းစည်းတပ်ဖို့နဲ့ ပါးစပ်တို့ မျက်လုံးတို့ နှာခေါင်းတို့ကို မကိုင်ခင်မှာပေါ့နော် လက်ကိုလက်ဆေးရည်နဲ့ဆေးဖို့ပေါ့နော်။ ပြီးရင်လည်း သလိပ်တွေ နှပ်တွေကို စနစ်တကျထွေးဖို့ပေါ့လေ။ နည်းနည်းလေး ကိုယ့်ကလေးနေမကောင်းဖြစ်ရင် ကျောင်းကိုခဏမလွှတ်နဲ့ပေါ့နော်။ ဒီလိုအကြံပြုချင်တာပေါ့လေ။