ထားဝယ်တွင် အိမ်အမိုးဝရိန်ဆော်ရာမှ အမျိုးသားတစ်ဦးဓာတ်လိုက်

0
2245

ထားဝယ်မြို့၊ကျောက်မော်ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် အိမ်အမိုးဝရိန်ဆော်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်မှုဖြစ်ပွားခဲ့ကြောင်း ဂရုဏာမေတ္တာရှင်သွေးလှူရှင်များအဖွဲ့ထံမှသိရသည်။

ယနေနံနက် ၈ နာရီခွဲခန့်တွင် ကျောက်မော်ရပ်ကွက်ရှိ အိမ်အမှတ် ၆/ခ နှစ်ထပ်တိုက်အိမ် အမိုးမိုးရန်အတွက် သံချောင်းများကို ဝရိန်ဆက်ရမှ ဓာတ်လိုက်မှုဖြစ်ပွားခဲ့သည်ဟုသိရကြောင်း ဂရုဏာမေတ္တာရှင် အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

“ပြုတ်ကျသလားတော့ မပြောတတ်ဘူး။ လူကတော့ အပေါ်ဆုံးထပ်ရဲ့ တမံသလင်းပေါ်မှာ အဲဒီနားမှာပဲ ထားဝယ်လျှပ်စစ်ဌာနက ကရိန်းတင်ယာဉ်လည်းရှိနေတော့ လူနာကို ကရိန်းနဲ့ အောက်ချပြီး ဆေးရုံပို့ပေးထားရတယ်”ဟု ၎င်းတာဝန်ရှိသူကပြောသည်။

အဆိုပါဓာတ်လိုက်မှုဖြစ်ပွားသည့်နေအိမ်၏ အပေါ်ဆုံးထပ် အမိုးမိုးသည့်နေရာအနီးတွင် ၁၁၀၀၀ ဗို့ (၁၁ကေဗွီ)အားရှိ လျှစ်စစ်ဓာတ်အား လိုင်းကြိုးရှိသည်ဟုဆိုသည်။

ဓာတ်လိုက်သည့်အတွက်ကြောင့် အသက် ၄၉ နှစ်အရွယ်ရှိ အမျိုးသားဖြစ်သူမှာ နောက်ကျော စုတ်ပြဲသွားပြီး ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားမရတော့ကြောင်း အထက်ပါအဖွဲ့ထံမှသိရသည်။

လူနာကို ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့နှင့် ဂရုဏာမေတ္တာရှင် သွေးလှူရှင်အဖွဲ့တို့ပူးပေါင်း၍ ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားခဲ့ကြောင်းသိရသည်။