ICC စုံစမ်းစစ်ဆေးရေးမှုး လာရောက်မှူးအပြီး ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် လူခြောက်ဦး သေဆုံး

0
1794

သက်သေထွက်ဆိုချက်များ ကို စုဆောင်းရန် ရည်ရွယ်ကာ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ကိုယ်စားပြု စုံစမ်းစစ်ဆေးရေးမှုးတစ်ဦး၏ သွားရောက်မှုအပြီး နာရီပိုင်းအကြာ အဆိုပါ စခန်းတွင်း ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားကာ ရိုဟင်ဂျာ ခြောက်ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဇူလိုင် ၇ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ ဖြိုခွင်းမှုအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူ ရိုဟင်ဂျာ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံခဲ့ကြသည်။ မြန်မာနိုင်ငံသည် ယခုအခါ ကုလသမဂ္ဂ တရားရုံးတွင် အဆိုပါ လူမျိုးတုံးသတ်ဖြတ်မှုနှင့် စပ်လျဉ်းပြီး စုံစမ်း စစ်ဆေးခံနေရဆဲ ဖြစ်သည်။

ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သော အဆိုပါ အကြမ်းဖက်မှု သည် ယင်း ဒုက္ခသည် စခန်းများအတွင်း အားပြိုင်လှုပ်ရှားနေကြသည့် လက်နက်ကိုင်အဖွဲ့များဖြစ်သော အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် – အာဆာ (Arsa) နှင့် ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများအကြား နောက်ဆုံးရ အနေအထား ဖြစ်သည်။

ဇူလိုင် ၇ရက်နေ့ ၊ နံနက်အရုဏ်မတက်မီ စခန်းတွင်း သေနတ်ပစ်ခတ်မှုကြောင့် လူငါးဦး သေဆုံးခဲ့ရကြောင်း အဆိုပါ ဒုက္ခသည်စခန်းများ၏ လုံခြုံရေးကဏ္ဍကို ကွပ်ကဲရသည့် လက်နက်ကိုင် ရဲတပ်ရင်း၏ ပြောရေးဆိုခွင့်ရှိသူ ဖာရွတ်အာမက်က ပြောကြားခဲ့သည်။

“သေနတ်ပစ်ခတ်မှုမှာ သေဆုံးခဲ့သူ ငါးဦးစလုံးဟာ တပ်မှူးတစ်ဦးအပါအဝင် အာဆာ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုကာ ယင်းဖြစ်စဉ်အပြီး စခန်းများတွင်း လုံခြုံရေးကို တိုးမြှင့်ထားကြောင်း ပြောကြားခဲ့သည်။

အာဆာအဖွဲ့ဝင်များ၏ လက်ချက်ဟုထင်ရသော ဒုက္ခသည်အသိုက်အဝန်းခေါင်းဆောင် အဗ္ဗဒူလာ အသတ်ခံရမှု အပြီး နာရီအနည်းငယ် အကြာတွင် ဤကဲ့သို့ အကြမ်းဖက်မှုဖြစ်လာခဲ့ကြောင်း အာမက် က ထပ်လောင်း ပြောကြားခဲ့သည်။

ICC ကိုယ်စားပြု စုံစမ်းရေးမှုး ကာရင်မ်အေခန်းနှင့် တွေ့ဆုံနိုင်ရန် အသက် ၂၇ နှစ်အရွယ် အဗ္ဗဒူလာ သည် ဒုက္ခသည်များကို စီစဉ်စုရုံးနေခဲ့ကြောင်း ဒေသတွင်း သတင်းဌာန တစ်ခု ဖြစ်သည့် Prothom Alo မှ ဖော်ပြခဲ့သည်။

အာဆာအဖွဲ့အနေနှင့် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ချက်ချင်းမှတ်ချက်မပေးခဲ့ပေ။ သို့သော် ၎င်း၏ အဖွဲ့ဝင်များသည် ၎င်း၏အာဏာကို စိန်ခေါ်သည့် ရိုဟင်ဂျာလူထုခေါင်းဆောင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ယခင်ကတည်းက စွပ်စွဲခံထားရသည်။

၂၀၂၁ ခုနှစ်တွင် နာမည်ကျော် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ မိုဟစ်ဘ် အူလာ ကို သတ်ဖြတ်ခဲ့မှုကြောင့် အာဆာအဖွဲ့ ၏ခေါင်းဆောင် အတာအူလာ အဘူ အမ်မာ ဂျုနူနီ သည် ၂၀၂၂ခုနှစ်တွင် မျက်ကွယ် စွဲချက်တင်ခံခဲ့ရသည်။

အူလာ သည် ဒုက္ခသည် စခန်းများတွင်း အာဆာအဖွဲ့ ၏ လုပ်ဆောင်မှုများကို မကြာခဏ ဆန့်ကျင်ပြောဆိုခဲ့သူ တစ်ဦး ဖြစ်သည်။

ထို့နောက် ဂျူနူနီ အပြင် အခြားသော အာဆာ ၏ အဓိက ခေါင်းဆောင်များသည် ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အကြီးတန်း အရာရှိတစ်ဦးကို ၂၀၂၂ခုနှစ် ၊ နိုဝင်ဘာလမှာ သတ်ဖြတ်ခဲ့သည် ဟူ၍လည်း စွပ်စွဲခံထားရသည်။

အဆိုပါ လူသတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့များက ၂၀၂၃ခုနှစ် ၊ ဇန်နဝါရီလ မှာ မြန်မာနယ်စပ်ရှိ ရိုဟင်ဂျာ ယာယီဒုက္ခသည်စခန်းများကို ဖျက်သိမ်းနှင်ထုတ်ရန် စီမံမှုများလည်း ရှိခဲ့သည်။ အဆိုပါ စခန်းများသည် အာဆာအနေနှင့် ၎င်း၏လုပ်ငန်းဆောင်ရွက်မှုများအတွက် ရန်ပုံငွေရှာဖွေရန် ဒုက္ခသည်စခန်း အသွင်ယူကာ မက်သာဖက်တမင်း ရောင်းဝယ် ဖောက်ကားမှု လုပ်ငန်း အတွက် အဓိကနေရာအဖြစ် အသုံးပြုခဲ့သည်ဟု စွပ်စွဲခံထားရသည့် ဧရိယာများ ဖြစ်သည်။

၂၀၂၃ ခုနှစ်အထိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင်း အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် လူပေါင်း ဒါဇင်နှင့်ချီကာ သေဆုံးမှုများ ရှိခဲ့သည်။

အလှုငွေ ဖြတ်တောက်ခံရမှုများကြောင့် မကြာသေးမီလများအတွင်း ကုလသမဂ္ဂ စားနပ်ရိက္ခာ အေဂျင်စီ သည်လည်း ရိုဟင်ဂျာ ဒုက္ခသည်များ အခြေချနေထိုင်ရာ နေရာများသို့ ရိက္ခာပို့ဆောင်မှု နှစ်ကြိမ် ဖြတ်တောက်ရန် ဖိအားပေးခံခဲ့ရသည်။ အဆိုပါ အနေအထားကြောင့် ယင်းစခန်းများတွင်း လုံခြုံရေး အခြေအနေသည် ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း ကူညီကယ်ဆယ်ရေးဝန်ထမ်းများက သတိပေးခဲ့သည်။

Reference ● AFP ● The Straits Times