ထိုင်းတွင် မြောင်းထဲ ငါးဆင်းဖမ်းရာမှ မြန်မာလုပ်သားတစ်ဦး သေဆုံး

0
1850

ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင်တွင် စက်ရုံနောက်ဘက် ရေမြောင်းထဲ မြန်မာအလုပ်သမားတစ်ဦး ငါးဆင်းဖမ်းရာမှ ရေမြောင်းပိုက်အတွင်း ပိတ်မိကာ သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

သေဆုံးသူသည် အသက် ၂၅ နှစ်အရွယ် ကိုဇော်ဇော်အောင်အမည်ရှိသော မြန်မာအလုပ်သမားဖြစ်ပြီး ဇူလိုင်လ ၂ ရက် ညနေ ၄ နာရီခန့်တွင် သူငယ်ချင်းများနှင့် ငါးဖမ်းလာကြကြောင်း ရေးသားထားသည်။

အရက်သောက်ကြပြီးနောက် သူငယ်ချင်းများနှင့်အတူ ငါးဖမ်းကြရင်း မြန်မာအလုပ်သမားတစ်ဦး ပျောက်ဆုံးနေ၍ သူငယ်ချင်းများက ရေထဲရှာဖွေသော်လည်း မတွေ့ရတော့ကြောင်း ဆိုသည်။

၎င်းကို အော်ခေါ်သော်လည်း ပြန်မဖြေခဲ့သဖြင့် ကူညီကယ်ဆယ်ပေးရန် ကယ်ဆယ်ရေးအဖွဲ့များထံသို့ အကြောင်းကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ညနေ ၅ နာရီခွဲခန့်တွင် ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိလာခဲ့ရာ ရေမြောင်းပိုက်မှာ ကျဉ်းမြောင်းနေခဲ့ပြီး အကျယ် ၁ မီတာ၊ အရှည် ၂၀ မီတာခန့်ရှိနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြသည်။

ရာသီဥတုအခြေအနေနှင့် ရေပိုက်ကျဉ်းမြောင်းနေသဖြင့် ရှာဖွေကယ်ဆယ်ရန် ခက်ခဲနေခဲ့ကြပြီး မြောင်းအတွင်း ဝင်ရှာခဲ့သော်လည်း အသက်ရှူရခက်ခဲသဖြင့် အဆင်မပြေဘဲ ပြန်ထွက်လာခဲ့ရကြောင်း ဆိုသည်။

နောက်ဆုံးတွင် ကားတိုင်ယာကို ကြိုးချည်ကာ မြောင်းအရှေ့အနောက်ကို ဆွဲထုတ်ရာမှ သေဆုံးနေသော မြန်မာအလုပ်သမား၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း ရေးသားထားသည်။

ကိုဇော်ဇော်အောင်၏ သူငယ်ချင်းများကို ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရန်အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

Ref: Matichon Online, FM 91