တနင်္သာရီတွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရ

0
1889

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် နီးစပ်သည့် ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၂ ရက်နေ့က ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် စစ်ကောင်စီ (၂၆၅) တပ်ရင်းက ယင်းကျေးရွာ အရှေ့ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထားလာရာ သကျက်ကျေးရွာအုပ်စုလမ်းတွင် နှစ်ကြိမ်ကြားဖြတ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

နံနက်ပိုင်းတွင် လငုတံတားအနီးတွင် တစ်ကြိမ်တိုက်ခိုက်ခံရပြီး နေ့လယ်ပိုင်းတွင် မယ်တော်ဂူအနီးတွင် တစ်ကြီး တိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကောင်စီဖက်က သုံးယောက်ဒဏ်ရာရတယ်လို့သိရတယ်” ဟု ၎င်းက ပြောဆိုသည်။

လငုသည် ရွာမဟုတ်ပဲ ဥယျာဉ်စိုက်ပျိုးသည့်နေရာသာဖြစ်ပြီး သကျက်ရွာအနီးတွင်ရှိကြောင်း ဆိုသည်။ မယ်တော်ဂူသည်လည်း သကျက်ကျေးရွာအုပ်စု၊ တောင်ဘိန်းရွာအနီးတွင် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ညောင်ပင်ကွင်းအခြေစိုက် (၂၆၅) တပ်ရင်းနှင့် တနင်္သာရီမြို့ဖက်မှ သကျက်ကျေးရွာ အုပ်စုအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မိုးချုပ်တဲ့အထိ ပစ်နေတုန်းပဲ။ အထိအခိုက်ကတော့ မကြားရသေးဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ယနေ့ ဇူလိုင် ၃ ရက်တွင်မူ ပစ်ခတ်သံများ မကြားရသေးကြောင်း ဒေသခံများက ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကြောင်းမှာလည်း ပြန်လည်ထွက်ခွာသည်ကို မတွေ့ရသေးကြောင်း ဒေသခံတို့က ဆိုသည်။

ဇွန်လ ၁၇ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ သိန္ဓောရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် လမ်းတစ်လျှောက် ၄ ရက်တိုင်တိုင် အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိအခိုက်အကျအဆုံးများခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

ယင်းနောက် ဇွန် ၃၀ ရက်တွင်လည်း ဘန်းလမွှတ်ရွာအနီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ စစ်ဘေးရှောင် နေအိမ်သုံးလုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ခိုက်ရန် လူအင်အား၊ လက်နက်ခဲယမ်း ဖြည့်တင်းနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က ပြောဆိုထားသည်။

ယခုရက်ပိုင်းအတွင်း စစ်ရေးအခြေအနေ တင်းမာနေသည့်အတွက် တနင်္သာရီ-ဘုတ်ပြင်းပြည်ထောင်စုလမ်းမကြီးအား အနီရောင်အဆင့်သတ်မှတ်ထားပြီး သွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်များက တားမြစ်ထားသည်။