တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2113

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ

မြန်မာတွင် ဒေါ်လာသန်းတစ်ရာကျော်ထုတ်ချေးထားတဲ့ အသေးစားငွေချေးလုပ်ငန်း PGMF ထွက်ခွာ

မြန်မာနိုင်ငံမှာ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၅၀ ကျော် ထုတ်ချေးထားတဲ့ အသေးစားငွေချေးလုပ်ငန်းဖြစ်တဲ့ PGMF ဟာ ဇွန်လ ၃၀ နောက်ပိုင်းမှာ လုပ်ငန်းရပ်ဆိုင်းပြီး မြန်မာနိုင်ငံကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။

ပြည်သူ ရှစ်သိန်းကိုးသောင်းဆီ ထုတ်ချေးထားတဲ့ ဒေါ်လာ ၁၅၆သန်းကို လျှော်ပစ်ပြီး လုပ်ငန်းပိတ်သိမ်းတော့မယ်လို့ Pact Global Microfinance Fund (PGMF) က ဇွန်လ ၂၆ရက်နေ့မှာ ကြေညာပါတယ်။

အဖွဲ့အစည်းရဲ့ အကျိုးအမြတ်နဲ့ ပိုင်ဆိုင်မှုအားလုံးကို အနာဂတ်မှာ လွှဲပြောင်းပေးဖို့ စစ်ကောင်စီက ပြီးခဲ့တဲ့ လပိုင်း အတွင်းမှာ တောင်းဆိုခဲ့သလို ချေးငွေအသစ် မပေးဖို့ ပိတ်ပင်တာ၊ အဖွဲ့အစည်းရဲ့ အကြီးပိုင်းခေါင်းဆောင်တွေရဲ့ ဗီဇာများကို ပယ်ချတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

PGMF က ပိုင်ဆိုင်မှုတွေ မလွှဲပေးတဲ့အတွက် အဖွဲ့အစည်း မှတ်ပုံတင်ခွင့်မပေးဘဲ ဒီနိုင်ငံကနေ ထွက်ရင်ထွက် မဟုတ်ရင် လုပ်ငန်းကို တရားမဝင်လည်ပတ်ဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို PGMF ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဆိုပါတယ်။

ပိုင်ဆိုင်မှုတွေ လွှဲပြောင်းရင် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုနဲ့ ငြိစွန်းနိုင်တယ်လို့ ထောက်ပြပါတယ်။

နိုင်ငံခြားငွေလဲလှယ်မှုတွေကို တင်းကျပ်စွာ ထိန်းချုပ်လိုက်တာကြောင့်လည်း PGMF ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ထပ်မံကန့်သတ်လိုက်သလို ဖြစ်စေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ကျေးရွာပေါင်း နှစ်သောင်းခွဲနီးပါးက အမျိုးသမီး ငွေချေးငှားသူတွေ၊ ငွေစုသူတွေ အများစုပါဝင်တဲ့ လူဦးရေ ၂ဒသမ ၃သန်းကို ဝန်ဆောင်မှုပေးခဲ့တယ်လို့ ဆိုပါတယ်။

PGMF ဟာ မြန်မာနိုင်ငံအတွင်း အသေးစားချေးငွေလုပ်ငန်းမှာ အကြီးဆုံးဖြစ်ပြီး ဝန်ထမ်း လေးထောင်ကျော်နဲ့ လည်ပတ်နေတာပါ။ မြန်မာနိုင်ငံမှာ နှစ်ဆယ့်ငါးနှစ်ကျော် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

……………………………………

စစ်ကောင်စီနဲ့ ပူးပေါင်းတာရပ်ဖို့ တရုတ်ကို NUCC ပြော

စစ်လက်နက်ပစ္စည်းရောင်းချတာ၊ ပံ့ပိုးကူညီတာ၊ စစ်ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်တွေမှာ မြန်မာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာကို ရပ်တန့်ဖို့လိုတယ်လို့ တရုတ်နိုင်ငံကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ပြောဆိုလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ တရုတ်ရဲ့ချဉ်းကပ်ဆောင်ရွက်တဲ့အပေါ် NUCC က ဇွန်လ ၂၄ရက်က သဘောထားထုတ်ပြန်ရာမှာ အခုလို ပြောဆိုထားတာပါ။

လက်ရှိမြန်မာ့အရေးမှာ တရုတ်နိုင်ငံဟာ စစ်ကောင်စီနဲ့ နီးနီးကပ်ကပ်ပူးပေါင်းဆက်ဆံ ဆောင်ရွက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်တာဟာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို မျက်ကွယ်ပြုရာရောက်တဲ့အပြင် မြန်မာ့နိုင်ငံရေးပြဿနာကို ကူညီဖြေရှင်းရာ မရောက်ဘဲ ပြဿနာများကို ပိုမိုရှုပ်ထွေးစေပြီးတော့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ကြာရှည်စေနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရုတ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုတွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံပြီး အိမ်နီးချင်းကောင်း ပီသမှုကို ပြသဖို့လည်း တိုက်တွန်းထားသည်။

……………………………………

မူးယစ်ဆေးမီးရှို့တဲ့အခမ်းအနားမှာ ကျောင်းသား၊ ကျောင်းသူဆယ်ချီ မူးမေ့သတိလစ်

ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ စစ်ကောင်စီကပြုလုပ်တဲ့ ပြည်နယ်အဆင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အခမ်းအနားမှာ ကျောင်းသား၊ ကျောင်းသူ ၃၀ ကျော် မူးမေ့သတိလစ်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ဖြစ်တဲ့ ဇွန်လ ၂၆ ရက်က အခမ်းအနား ကျင်းပတာပါ။ အခမ်းအနားကို တက်ရောက်လာတဲ့ ကျောင်းသား၊ ကျောင်းသူတွေထဲက ၃၀ကျော် မူးမေ့သတိလစ်ပြီး ၁၃ ဦးကတော့ ပြင်းထန်လို့ ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်သူတွေက ပြောပါတယ်။

မူးယစ်ဆေးဝါး မီးရှို့တဲ့ အခိုးအငွေ့ကြောင့် မဟုတ်ဘဲ နေပူထဲမှာ အချိန်အကြာကြီးရပ်နေတာကြောင့် ရေဓာတ်ခန်းခြောက်ပြီး မူးလဲတာလို့ ကြက်ခြေနီတပ်ဖွဲ့ဘက်က ဆိုပါတယ်။

ဒေသခံတွေကတော့ မူးယစ်ဆေးဝါးမီးရှို့တဲ့ အငွေ့အသက်ကြောင့် ဖြစ်နိုင်တယ်လို့ ယူဆနေကြပြီး ဒီလို အခမ်းအနားမျိုးကို ကျောင်းသား၊ ကျောင်းသူတွေကို မခေါ်သင့်ဘူးလို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

……………………………………

မယ်စဲ့ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်

နေပြည်တော်နဲ့ နီးကပ်တဲ့ ကရင်နီပြည် (ကယားပြည်နယ်) မယ်စဲ့မြို့နယ်က နေရာအများစုကို တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားနိုင်တယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မယ်စဲ့မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေ ဇွန်လ တတိယပတ်ထဲမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၊ ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး ကလတတ-KNPLF ၊ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာလည်း စစ်ရဟတ်ယာဉ်တစ်စင်းကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချတာ၊ တော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်းတာ၊ ထွက်ပြေးတာတွေ အမြောက်အများရှိနေတယ်လို့ သတင်းတချို့မှာဖော်ပြပါတယ်။ ဒါ့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို လေယာဉ်နဲ့ ပြောင်းရွှေ့နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။


စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ စစ်ကူတွေလွှတ်တာတွေလည်း ရှိနေပါတယ်။

အမှတ် ၁၀၀၄ နယ်ခြားစောင့်တပ်စခန်းက နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းသွားတယ်လို့ စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုထားပြီး စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ် လို့လည်း စစ်ကောင်စီ အာဘော် သတင်းစာကနေ ဇွန်လ ၂၉ ရက်က ဖော်ပြခဲ့ပါတယ်။

ကရင်နီမှာ ဇွန်လ ၂၇ ရက်လောက်ကနေ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေပါတယ်။ 

……………………………………

ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၁၀ကျော်သေဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် သံဃာတစ်ပါး အပါအဝင် အရပ်သား ပြည်သူ ၁၁ဦး သေဆုံးခဲ့ရပါတယ်။

ညောင်ကုန်းရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၇ရက် ညနေပိုင်းမှာ နှစ်ဖက်တိုက်ခိုက်မှုတွေ မရှိဘဲ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဘုန်းကြီးကျောင်းဝင်းနဲ့ အနီးအနားက နေအိမ်တွေကို ဗုံးကြဲချခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်နေရာမှာ ကိုးဦးသေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်လို့ နောက်ထပ် နှစ်ဦးထပ်မံ သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးနှစ်ဦးပါဝင်ပြီး ကျန်တာက အမျိုးသားတွေဖြစ်ပါတယ်။

ဗုံးကြဲခံရတာကြောင့် နေအိမ် ၁၃လုံးလည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။

……………………………………

ဘီလင်းက ကျုံအိတ်တံတား မိုင်းဆွဲဖျက်ဆီးခံရမှု

သထုံနဲ့ ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မြဝတီကားလမ်းပေါ်မှာရှိတဲ့ ကျုံအိတ်ချောင်းတံတား မိုင်းဆွဲဖျက်ဆီးခံရပြီး တံတားတစ်ခြမ်း ကျိုးကျပျက်စီးခဲ့ပါတယ်။

ဇွန်လ ၂၉ ရက် မနက် ၄နာရီလောက်မှာ တံတားမိုင်းဆွဲခံရလို့ တံတားတစ်ခြမ်းကျိုးကျရာမှာ ကားနှစ်စီးလည်း ပါသွားပြီး အဲဒီကားတွေထဲမှာ လိုက်ပါလာသူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

အဲဒီလိုဖောက်ခွဲဖျက်ဆီးခံရတာကို လာရောက်စစ်ဆေးတဲ့ သထုံမြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာ ခံခဲ့ရပါသေးတယ်။

အဲဒီတိုက်ခိုက်မှုမှာ သထုံခရိုင်လမ်းဦးစီးမှူး သေဆုံးပြီး သထုံမြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ၂၀ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီလမ်းကြောင်းကနေ စစ်ကောင်စီတပ်က စစ်လက်နက်ပစ္စည်းတွေ ပို့ဆောင်နေပြီး ထောက်ပို့ လမ်းကြောင်းအဖြစ်အသုံးပြုနေတဲ့အတွက် မိုင်းဆွဲခဲ့တာလို့ KNU ဘက်က ပြောဆိုထားပါတယ်။

တံတားပျက်စီးသွားတာကြောင့် ကားတွေ သွားလာရခက်ခဲပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြုံနေရပါတယ်။

……………………………………

လစာတိုးပေးဖို့တောင်းဆိုတဲ့ အလုပ်သမားတွေ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးအရေးယူခံရ

လုပ်ခလစာ တိုးမြှင့်ပေးဖို့တောင်းဆိုတဲ့ အလုပ်သမားခုနစ်ဦးနဲ့ အလုပ်သမားအရေးဆောင်ရွက်သူသုံးဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး နိုင်ငံရေးပုဒ်မတွေနဲ့ အရေးယူထားပါတယ်။

ZARA နဲ့ Inditex အပါအဝင် နာမည်ကြီး အမှတ်တံဆိပ်တွေကို ချုပ်တဲ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ Hosheng (ဟိုစိမ့်) Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားငါးဦး၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ Sun Apparel (Myanmar) အထည်ချုပ်စက်ရုံက အလုပ်သမားနှစ်ဦးနဲ့ အလုပ်သမား အရေး ဆောင်ရွက်တဲ့ Action Labour Right အဖွဲ့က သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

ဆူပူမှုဖြစ်အောင်လုပ်တာ၊ နောက်ကွယ်ကနေ သွေးထိုးလှုံ့ဆော်တာတွေ လုပ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို စွဲဆိုလေ့ရှိတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေကို ပြန်လွှတ်ပေးဖို့ ဥရောပ သမဂ္ဂ (EU) က ဇွန်လ ၂ဝရက်နေ့မှာ တောင်းဆိုထားပါတယ်။ အဲဒီလို တောင်းဆိုပြီး ကိုးရက်အကြာမှာ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာကနေ အခုလို သတင်းထုတ်ပြန်လာတာပါ။

……………………………………