အတက်အကျများခဲ့သည့် ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
2284

ယခုအပတ်ရွှေဈေးမှာ အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် အမြင့်ဆုံးသို့ ရုတ်တရက်ထိုးတက်သွားသည်။

ထိုင်းဘတ်ဈေးလည်း တက်လာပြီး ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းနေသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

အမြင့်ဆုံးသို့ ခုန်တက်သွားသည့် ရွှေဈေး

အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သုံးဆယ်တစ်သိန်းကျော်ဖြင့် ဆက်တိုက်ငြိမ်နေရာမှ ယခုအပတ်တွင် ရုတ်တရက်ထိုးတက်လာသည်။

အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်နှစ်သိန်းခြောက်သောင်းအထိ ဈေးပေါက်နေခြင်းဖြစ်သည်။

စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်ကို အမေရိကန်သမ္မတ၏ အမိန့်ဖြင့် အရေးယူပိတ်ဆို့ပြီး နောက်ပိုင်းတွင် ယင်းကဲ့သို့ ဈေးတက်သွားခြင်းဖြစ်သည်။

ထိုသို့ ဈေးအတက်ကြမ်းနေသဖြင့် ရွှေဆိုင်အချို့က အခေါက်ရွှေအရောင်းအဝယ် ယာယီရပ်ဆိုင်းထားကြသည်။

ယခုအပတ် ထိုင်းဘတ်ဈေးလည်း  ရွှေဈေးနှင့်အတူ တက်လာသည်။

ပြီးခဲ့သည့်အပတ်က ထိုင်းငွေတစ်ဘတ်လျှင်၈၇ ကျပ် ဝန်းကျင်ရှိရာမှ ယခုအပတ်တွင် ၈၈ ကျပ်ကျော်အထိ တက်သွားခြင်းဖြစ်သည်။ 

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၄၅  ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အလှုပ်နည်းသည့် ဓာတ်ဆီဈေး

တနင်္သာရီတိုင်းအတွင်း ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းနေသည်။

ယခုအပတ် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၁၅ ကျပ် မှ ၂၀၃၅ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၂၅၀ ကျပ်မှ  ၃၂၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ် ရွှေဈေးမှာ အနည်းငယ်ကျလာနိုင်သော်လည်း အပြောင်းအလဲကြီးကြီးမားမား မရှိနိုင်ပေ။

ဘဏ်နှစ်ခုကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ပြီးနောက်ပိုင်း တက်လာသည့် ရွှေဈေးတက်လာချိန်တွင် ကမ္ဘာ့ရွှေဈေးမှာ အကျဘက်ရောက်နေသည်။

ဇူလိုင်လ ၁ ရက်နေ့ ကမ္ဘာ့ရွှေဈေးမှာ  တစ်အောင်စလျှင် ၁၉၁၉ ဒေါ်လာ ပေါက်ဈေးရှိနေပြီး ပြီးခဲ့သည့်နှစ်လတာကာလအတွင်း အနိမ့်ဆုံးဈေးသို့ ရောက်နေသည်။

ထို့အပြင် ရွှေဈေးတက်လာချိန် ပြည်တွင်းရွှေလုပ်ငန်းရှင်အချို့က စစ်ကောင်စီက ဖမ်းဆီးသွားသည့်ဂယက်ကြောင့် ရွှေဈေးမှာ အကျဘက်ပြန်ရောက်လာသည်။

ယင်းကြောင့် ရွှေဈေးမှာ ကျရိပ်ပြလာနိုင်သော်လည်း ၃၂ သိန်းအောက်သို့ ဆင်းမည့် အရိပ်အယောင်မတွေ့ရချေ။

ထိုင်းဘတ်ဈေးလည်း ပြန်ကျလာနိုင်သော်လည်း အပြောင်းအလဲ ကြီးကြီးမားမားမရှိနိုင်ကြောင်း ခန့်မှန်းရသည်။

ပြည်တွင်းနိုင်ငံရေးအခြေအနေ၊ ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ ဘဏ်နှစ်ခုအပေါ် အမေရိကန်၏ အရေးယူမှု စသည့် အကြောင်းအရင်းများကြောင့် ထိုင်းဘတ်ငွေလဲနှုန်းမှာ အတက်အကျ နည်းနည်းဖြင့် ဈေးဖွင့်နေမည့် အနေအထားရှိသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေသည့်အပြင် ဒေါ်လာငွေလဲနှုန်းမှာ ဆက်တိုက်ဈေးတက်နေပြီး ကြိုက်ရောင်းကြိုက်ဝယ် အခြေအနေအထိ ဖြစ်နေသည်။

လတ်တလောတွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ်သုံးထောင်အထက်တွင် ဈေးပေါက်နေသည်။

အမေရိကန်နိုင်ငံ၏ ဘဏ်နှစ်ခုအပေါ် အရေးယူပိတ်ဆို့မှုကြောင့် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးရှားပါးလာပြီး ပြည်ပမှ စက်သုံးဆီတင်သွင်းမှု အခက်အခဲဖြစ်လာနိုင်သည်။

ထိုကြောင့်လာမည့်အပတ်စက်သုံးဆီဈေးမှာ တက်ရိပ်ပြလာနိုင်သည့် အလားအလာများကြောင်း သုံးသပ်ရသည်။