လေယာဉ်ပျံနေစဉ် တံခါးဖွင့်ရန် ကြိုးပမ်းခဲ့သည့် တောင်ကိုရီးယားသား မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြောင်းဝန်ခံ

0
1973

လေယာဉ်ပျံသန်းနေစဉ်အတွင်း အရေးပေါ် တံခါးဖွင့်ရန် ကြိုးပမ်းမှုအတွက် စုံစမ်းစစ်ဆေးခံနေရသည့် အသက် ၁၉ နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသားတစ်ဦးသည် အခင်းမဖြစ်မီ ရက်ပိုင်းအလိုတွင် (မက်သာဖက်တမင်း) စိတ်ကြွဆေးပြား သောက်ခဲ့သည်ကို ဝန်ခံခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အမည်မဖော်ပြထားသည့် အဆိုပါ လူငယ်သည် ဖိလစ်ပိုင်နိုင်ငံမှ တောင်ကိုရီးယား၏ အဓိကလေဆိပ် တည်ရှိရာ အင်ချွန်းမြို့သို့ ပျံသန်းသည့် ခရီးစဉ်တွင် ယခုလို လေယာဉ်တံခါးဖွင့်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်၏ ကနဦးမှာပင် အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ် ရဲတပ်ဖွဲ့ ၏ စစ်ဆေးမှု ကို ခံခဲ့ရသည့် ၎င်းသည် အဆိုပါ ခရီးစဉ် မတိုင်မီ နှစ်ရက်အလိုတွင် ဖိလစ်ပိုင်နိုင်ငံသား ခြောက်ဦးနှင့်အတူ ဖိလစ်ပိုင် နိုင်ငံ ၊ ဆီဘူး မြို့ရှိ ဟိုတယ်တစ်ခုတွင် မူးယစ်ဆေးများ သုံးစွဲခဲ့သည် ကို ဝန်ခံခဲ့ကြောင်း သိရှိရသည်။

ယင်း သံသယရှိသူသည် ဇွန်လ ၁၉ ရက်က မက်တန်-ဆီဘူး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့သည့် Jeju Air လေယာဉ်ပေါ်တွင် လိုက်ပါစီးနင်းခဲ့ပြီး အဆိုပါ လေယာဉ် ပျံသန်းစဉ်အတွင်း “တံခါးဖွင့်၍ အားလုံးကို သတ်ပစ်မည်” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ၎င်းကို နေရာရွှေ့ရန် ကြိုးပမ်းစဉ်မှာလည်း လေယာဉ်ဝန်ထမ်းများနှင့် အခြေအတင် ဖြစ်ပွားခဲ့ကာ တစ်ကြိမ်တွင် ဘောပင်ဖြင့် ထိုးမည် ဟူ၍ ခြိမ်းခြောက်ခဲ့ကြောင်း မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ သိရသည်။

အဆိုပါ လေယာဉ် ဆင်းသက်ပြီးနောက် လေဆိပ်ရဲများက ၎င်းကို အချုပ်ခန်းသို့ ခေါ်ဆောင်သွားကာ မူးယစ်ဆေး သုံးစွဲခြင်း ရှိ/မရှိ ချက်ချင်း စစ်ဆေးခဲ့ရာ သုံးစွဲထားကြောင်း တွေ့ရှိခဲ့သည်။

အမှုစစ်ဌာနအနေနှင့် ၎င်းလူငယ် ၏ ဆေးစစ်ရန် နမူနာများကို အမျိုးသားမှုခင်းဌာနမှ အသေးစိတ်စစ်ဆေးရန် တောင်းဆိုထားပြီး အဆိုပါ ရလဒ်ကို စောင့်ဆိုင်းနေဆဲဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲကြောင်း အတည်ပြုပါက အဆိုပါ ဆေးဝါးများကို မည်သို့ရယူခဲ့သည်ကို တာဝန်ရှိသူများက ဆက်လက် စုံစမ်းစစ်ဆေးရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလမှာလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပြီးနောက် တောင်ကိုရီးယားပြည်သူလူထုကို ထိတ်လန့်စေခဲ့သည်။ မေလ ၂၆ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံတွင်း Asiana Air လေကြောင်းလိုင်း ၏ ဂျယ်ဂျူကျွန်း မှ ဒယ်ဂူ သို့ ခရီးစဉ်တစ်ခု အတွင်း အသက် ၃၃ နှစ်အရွယ် လီ ဟု အမည်ရသည့် အမျိုးသားတစ်ဦးသည် လေယာဉ်ပျံသန်းစဉ် တံခါးကို အတင်းအဓမ္မဖွင့်ခဲ့သည်။

အဆိုပါဖြစ်ရပ်တွင်း ၎င်းလေယာဉ်သည် မြေပြင်အထက် မီတာ ၂၀၀ အမြင့်မှ နိမ့်ဆင်းနေချိန် ဖြစ်သည့် အတွက် ပြင်းထန်သော ထိခိုက်မှု မရှိခဲ့သော်လည်း စီးနင်းလိုက်ပါလာသည့် ခရီးသည်များအနက် ၁၂ ဦးသည် ပျို့အန်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်း အပါအဝင် အသေးစားပြဿနာများ ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် လေယာဉ် ထိခိုက်ပျက်စီးမှုမှာ ခန့်မှန်းခြေ ဝမ်သန်း ၆၄၀ ခန့် တန်ကြေးရှိခဲ့သည်။

အဆိုပါ ကျူးလွန်သူ သည် လေကြောင်းလိုင်းပိုင် ပစ္စည်းကို ဖျက်ဆီးမှု နှင့် လေကြောင်းလုံခြုံရေးအက်ဥပဒေတို့ကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။

Reference ● THE KOREA HERALD/ASIA NEWS NETWORK ● The Straits Times